" နင်တို့ ဘကြီးရဲ့ ဘီရိုထဲက ပိုက်ဆံ (၈) သောင်း ယူတာလား ပြော" အဘွားက ဘုရားစင်ရှေ့မှာ ကျွန်မနဲ့ ကျွန်မရဲ့ အမကြီးကို ထိုင်ခိုင်းပြီး စွပ်စွဲသလို မေးလိုက်သည်။ ကျွန်မ အဘွားမျက်နှာကို တည့်တည့်ကြည်ပြီး သေသည့်တိုင်အောင် မေ့မမရမဲ့ စကားတစ်ခွန်းနဲ့ပဲ ဖြေလိုက်တယ်။ "အသက်သာ အသေခံမယ်၊ သူများ ပစည်းတော့မခိုးဘူး" လို့ ။ ကျွန်မ အမကြီးကလည်း သူမယူတဲ့အကြောင်း အဘွားကို ရှင်းပြတယ်။ ကျွန်မ အနေနဲ့ ပိုပိုသာသာ ပြောလိုက်သင့်တာက ဘကြီး ပိုက်ဆံမပျောက်ခင် တစ်ရက်အလိုမှာ ကိုဖြိုးက အိမ်အပေါ်ထပ်မှာ မီးတွေထွန်းပြီး မွှေနောက်နေတာရယ် အဘွားအခန်းထဲ ၀င်ပြီး ဟိုရှာဒီရှာလုပ်တာရယ် ဘကြီး ဘီရိုနားမှာ တဝဲလည်လည် လုပ်နေတာကို မပြောပြလိုက်ဘူး။ သူတို့ ယူတယ်ဆိုတာလည်း ကျွန်မ တပ်အပ်သိလိုက်တယ်။ ကျွန်မပြောလိုက်ရင် ကျွန်မတို့ကို စွပ်စွဲလို့ တခြားလူကို လိုက်ရိုးတယ်ထင်မှာ စိုးတာကော ကလေးပီပီ ကြောက်တာကောပေ့ါ။ ကိုဖြိုးဆိုတာက အဘွားရဲ့ သားလတ် ၊ ကျွန်မရဲ့ ဦးလေးရဲ့ သားအငယ်ဆုံး၊ ပိုက်ဆံပျောက်သွားတဲ့ ဘကြီးက ဘုရားလူကြီး စိတ်ထားအရမ်းကောင်းတဲ့ လူမှန်။ သူက သားအကြီးဆုံး၊ အဘွားမှာ သိရသလောက် သား ၅ယောက်လား ရှိတယ်။ ကျွန်မကတော့ ဦးလေးအားလုံးကို ဘကြီးလို့ ပဲ ခေါ်တာမို့ နာမည်တွေ မမှတ်မိတော့ဘူး။ နောက်ဦးလေး ဘကြီးတစ်ယောက် က ကျွန်မတို့လိုပဲ မိုးကုတ်မှာနေတယ်။သူ့မှာ သမီးတစ်ယောက်ရှိတယ်။ ကျွန်မ အဖေက သားအငယ်ဆုံးပေ့ါ။ ကျွန်မတို့ မိသားစုကလည်း မိုးကုတ်မှာ နေကြတယ်။ အခုက ကျွန်မတို့ ကျောင်းခနနားလို့ မန်းလေးက အဘွားအိမ်ကို ခနလာလည်တဲ့ သဘောနဲ့ ရောက်နေတုန်း ဘုရားလူကြီး ဘကြီးရဲ့ ပိုက်ဆံပျောက်တာပဲ။ ထန်းသီးကြွေခိုက် ကျီးနှင်းခိုက် ဆိုသလိုပေ့ါ။
ဒီအဖြစ်အပျက်ဟာ ၁၀ကျော်သက် ဘ၀အကြောင်သိတတ်စအရွယ်မှာ ကြုံခဲ့ရတဲ့ မမေ့နိုင်ဆုံး စိတ်ဒဏ်ရာတစ်ခုဆိုလည်း မမှားပါဘူး။ အဘွားရဲ့သားတွေရဲ့ မိသားစုတွေထဲမှာ ကျွန်မတို့ မိသားစုက ငွေကြေးမချမ်းသာ မပြည့်စုံတဲ့သူတွေ ဖြစ်နေခဲ့တာကိုး။ ဒါ့ကြောင့်လည်း ဒီလို ချိုးနှိမ်တဲ့ စကားမျိုးတွေ ဆက်ဆံမှုမျိုးတွေ ပြုလုပ်ခံရတာမဟုတ်လား။ ဒီလို စွပ်စွဲခံရတာမျိုးအပြင် နွေရာသီ ကျောင်းပိတ်လို့ ကျွန်မနဲ့ ကျွန်မ ညီမလေးတို့ အဘွားအိမ်ကို သွားလည်တိုင်း နှိမ်ချဆက်ဆံခံရတာချည်းပါပဲ။ ငယ်ငယ်တုန်းက ဒီလို ဆက်ဆံခံရရင် ကြောက်တာရယ် စိတ်အားငယ်တာရယ် အဖေနဲ့ အမေကို သတိရတာရယ် ခေါင်းငုံပြီး ငိုကြွေးရုံလောက်သာ တတ်နိုင်ခဲ့တာ၊။ အဖေနဲ့ အမေကိုလည်း ပြန်မပြောပြဖြစ်ခဲ့ပါဘူး။ မသိစေချင်တာကော စိတ်ပူမှာစိုးတာကော။
ကျွန်မတို့ မိသားစုက မိုးကုတ်မှာ ဓာတ်ပုံနဲ့ Video ရိုက်တဲ့ အလုပ်လုပ်ကြတယ်၊ အမေက မိုးကုတ်မှာ ရှားရှားပါးပါး အမျိုးသမီး ဓာတ်ပုံဆရာ။ အဘိုးက ရန်ကုန်မှာ ဓာတ်ပုံဆိုင်ဖွင့်ပြီး မိုးကုတ် ကျောက်တွေ ထွက်၊ ခေတ်အရမ်းကောင်းနေချိန်မှာ မိုးကုတ်ကိုပြောင်းရွေ့ခဲ့ကြတာလို့ သိရတယ်။ ကျွန်မရဲ့ အဖေက အမေ့ရဲ့ ဒုတိယ ယောက်ျားပါ။ အမေ့ရဲ့ ပထမယောက်ျားက အရက်သောက်ပြီး ဆုံးသွားတယ်ကြားတယ်။ အရှေ့က ယောက်ျားနဲ့က ကလေး ၃ ယောက်မွေးတယ်။ ကလေးတွေ ဆယ်ကျော်သက်အရွယ်လောက်မှာ အဖေနဲ့ အိမ်ထောင်ကျတယ်။ ကလေး ၂ယောက် ကျွန်မနဲ့ ကျွန်မ ညမလေးကို ထပ်မွေးတယ်။
အဖေက ၈ တန်းအောင် အမေက ၁၀ တန်းမအောင်တဲ့။ အမေ ၁၀ တန်း လောက်မှာ အမေ့ရဲ့ အရှေ့က ယောက်ျားက ကားပေါ်ခေါ်တင်ပြီး ခိုးပြေးခဲ့တာတဲ့။ ကလေး ၃ ယောက်အမေကို ယူထားတော့ အဘွားကလည်း အဖေနဲ့ သဘောမတူဘူး။ အမေ့ရဲ့ မိဘတွေကလည်း သဘောမတူဘူး။ ဒီတော့ အမေက အိမ်က သတ်သတ်ထွက်ပြီး အဘိုးအဘွားတို့ဆီက ဘာမှမယူဘဲ တစ်ကိုယ်တည်း ထွက်ပြီး ကိုယ်ပိုင် ဓာတ်ပုံဆိုင် ဖွင့်ပြီးလုပ်စားခဲ့တယ်၊။ အဖေနဲ့ အိမ်ထောင်ကျတော့ အမေက အဖေ့ကို ဓာတ်ပုံပညာ သင်ပေးပြီး နှစ်ယောက်အတူ ကလေး ၅ယောက်ကို ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့ကြတာ၊ အဖေမတူ အမေကွဲ မိသားစုပေ့ါ။ အဖေ့ဘက်ကလည်း မိဘထောက်ပံ့မှု ဘာမှ မယူတာကောမို့ ကျွန်မတို့ မိသားစုက ချောင်ချောင်လည်လည်တော့ရှိပေမဲ့ ချမ်းသာတဲ့ထဲတော့မပါဘူး။ အိမ်ပိုင်လည်းမရှိပါဘူး။ လူလတ်တန်းစားမကျ တကျပေ့ါ။ ကျွန်မ ငယ်ဘ၀ တစ်လျောက်လုံး သူများအိမ်အောက်မှာပဲ အိမ်ငှားနေရဲ့ ဘ၀နဲ့ နေခဲ့ရတယ်။ အိမ်ပြောင်းရတဲ့ အလုပ်ကိို ကျွန်မ စိတ်အညစ်ဆုံးပဲ။ ဟိုပြောင်းလိုက် ဒီပြောင်းလိုက်နဲ့ နေရတာအတည်တကျကို မရှိခဲ့ဘူး။ မိုးကုတ်က အိမ်တွေက အိမ်အောက်တွေဆို အုတ်နဲ့မထားပဲ မြေကြီးအသားကိုပဲ ခံထားပြီး ကြမ်းလုပ်ထားတာမျိုးတွေများတယ်။ သူများအိမ်အောက်ငှားနေရတဲ့ ဘ၀ကို သိမ်ငယ်မိခဲ့တယ်။ သူငယ်ချင်းတွေကိုလည်း အိမ်ကို မဖိတ်ခေါ်ဖြစ်ဘူး။
အမေက သိပ်ကို အလုပ်ကြိုးစားပြီး စူပါမန်းလို့ အမျိုးသမီးမျိုးပါ။ ဓာတ်ပုံလည်းရိုက်စားတယ်။ ငါးခြောက်လည်းရောင်းတယ်။ သီတင်းကျွတ်ဆို ဗျောက်တွေ မီးရှူးတွေရောင်းတယ်။ ပွဲစျေးတွေရှိရင် ကြာဆံကြော်နဲ့ မုန့်တွေ ရောင်းတယ်။ ကျွန်မ သူငယ်တန်းစတတ်တဲ့ ၆ နှစ် အရွယ်လောက်ကတည်းက ကျောင်းဆုပေးပွဲတွေ၊ မိုးကုတ်အနောက်ပိုင်းက မဂ်လာဆောင်၊ အလှူပွဲအခန်းအနားတွေ၊ အလှဓာတ်ပုံ၊ ကလေးပုံတွေ စသဖြင့် လက်မလည်အောင်တော့ ရိုက်စားရတယ်။ အမေက ဓာတ်ပုံရိုက်လည်း သိပ်တော်တယ်။ အရင်ခေတ်က ဖလင်တစ်လိပ် ၃၀ ကွက်ပါတာကို တစ်ကွက်မှ မနာရဘဲ ပုံအကောင်းတွေချည်းရအောင် ဖလင်ကင်မရာနဲ့ ချိန်ရိုက်နိုင်ခဲ့တဲ့ အမေ၊။ ပွဲတိုင်းကို ရွာလှည့်နယ်လှည့်ပြီး နယ်ချဲ့နိုင်ခဲ့တဲ့အမေ။ အမေ့ရဲ့ကြိုးစားမှုကော အဖေ့ရဲ့ ပံ့ပိုးမှုကြောင့် ကျွန်မတို့ မိသားစု လူတန်းစေ့အောင်တော့ နေနိုင်ခဲ့တယ်၊ မိုးကုတ်မြို့မှာ ရီရီ ဓာတ်ပုံတိုက် ဆိုတာ အဲခေတ်အဲအခါ က နာမည်ကြီးဖြစ်ခဲ့တယ်၊
ဒါပေမဲ့ Digital Camera တွေစပေါ်လာတဲ့အခါမှာ Film Camera တွေ သုံးရိုက်သလို ပညာသေချာတတ်မှ မဟုတ်ဘဲ Auto ရိုက်လို့ ရတဲ့ခေတ်။ Photoshop တွေစခေတ်စားလာတဲ့ခေတ်မှာ စီးပွားရေးအနည်းငယ်ကျလာတာကော အဖေကော အမေကာ အသက်ရလာကောကြောင့် အရင်ကလောက် ပွဲရိုက်တွေ မများတော့ဘူး။ ကျွန်မတို့တွေလည်း အရွယ်ရောက်လာကြတယ်။ အကြီး ၃ယောက်ကလည်း တက္ကသိုလ်တတ်နေကြပြီ။ ရုန်းကန်နေရတဲ့ မိသားစုအခြေအနေကို နားလည်တာကော သူများအိမ်အောက်မှာ ဆင်းဆင်းရဲရဲနေရတဲ့ ဘ၀ကို မုန်းတီးတာကောကြောင့် ကျွန်မပညာရေးမှာ ထူးချွန်အောင် ကြိုးစားတယ်၊ ဆင်းရဲတွင်းက လွတ်နိုင်အောင် လုပ်နိုင်တာ ပညာရေေးပဲ ဆိုတာ ကျွန်မငယ်ကတည်းက နားလည်သဘောပေါက်ခဲ့တယ်၊ စာပေလေ့လာရတာ ဝါသနာပါ စိတ်ပါတာကောကြောင့် ၁၀တန်းက ဘ၀ရဲ့အဆုံးအဖြတ်ပဲဆိုပြီး နေ့မနားညမနား ဘော်ဒါဆောင်မှာ ကြိုးစားခဲ့တယ်။
ကျွန်မ ၁၀ တန်းကို ၃ ဘာသာဂုဏ်ထူးနဲ့အောင်တယ်။ ဆေးကျောင်းမီဖို့ ၃ မှတ်အလို။ အမှတ်များတော့ အိမ်က အင်ဂျီနီယာတတ်ဖို့ ရေကျောင်းသိပံတတ်ဖို့ ဆေးဝါးကျွမ်းကျင်တတ်ဖို့ ဖြောင်းဖျပေမဲ့ ကျွန်မဝါသနာပါတာ စိတ်၀င်းစားတာက စာပေနဲ့ ယဥ်ကျေးမှု၊English စာ ဘာသာစကား၊။ MUFL ပဲတတ်မယ်ဆိုပြီး မိဘနဲ့ အတိုက်အခံလုပ်ပြီး ရွေးချယ်ခဲ့တယ်။ ကျွန်မဘ၀ရဲ့ ဆုံးဖြတ်ချက်တွေထဲမှာ အမှန်ကန်ဆုံးလို့ ပြောရမယ်။
တက္ကသိုလ်တတ်တော့ မန်းလေးက အဘွားအိမ်မှာ တတ်ရတယ်။ အဖေနဲ့ အမေစီးပွားရေး အဆင်မပြေတော့ ကျောင်းစရိတ်မတတ်နိုင်ခဲ့ဘူး။ အမအကြီးဆုံးက Journalist လုပ်တယ်။ ဓာတ်ပုံရိုက်တယ်။ သူက ကျောင်းစရိတ်ထောက်ပံ့ပေးတယ်၊ ကျောင်းပို့ကျောင်းကြိုလုပ်ပေးတယ်။ ၃ သိန်းလောက်တန်တဲ့ ဆိုင်ကယ်တစ်စီးတောင် မ၀ယ်နိုင်တော့ ကျောင်းကို ကိုယ်ပိုင်ဆိုင်ကယ်နဲ့လည်း တတ်ခွင့်မရခဲ့ဘူး။ ကျောင်းတတ်နေရင်း အပြင်မုန့်ထွက်စားတာတွေ အပြင်ထွက်လည်ကြရင် သူများဆိုင်ကယ်နောက်ပဲ လိုက်ခဲ့ရတယ်။ အမပေးတဲ့မုန့်ဖိုးလေးကို ခြွေတာသုံးရတော့ မိတ်ဆွေအပေါင်းအသင်းလည်း သိပ်မထားဖြစ်ဘူး။ အပြင်ထွက်ရင် မုန့်ဖိုးတွေ ရုပ်ရှင်သွားကြည့်ဖို့ ကာရာအိုကေသွားပြီးပျော်ကြရင် ငွေမထုတ်နိုင်တော့ မလိုက်ဖြစ်တာများတယ်။ ကိုယ့်အခြေအနေကိုယ်သိလို့ English စာကို ပဲ သေချာတတ်မြောက်အောင် တစိုက်မတ်မတ်သင်ကြားခဲ့တယ်။
အဘွားအိမ်မှာနေခဲ့ရတဲ့ ၂နှစ်တာ ကာလက ကျွန်မ အတွက် ငရဲလိုပါပဲ။ နေ့တိုင်း မျက်ရည်နဲ့မျက်ခွက်ပါ၊ နှိမ်ချဆက်ဆံလွန်းတဲ့အဘွားနဲ့ နေထိုင်ရတာ၊ သူစိမ်းဆန် အေးတိအေးစက်နိုင်လွန်းတဲ့အဘွားတို့ မိသားစုရဲ့ အကျင့်စရိုက်တွေက ကျွန်မ အတွက် မိဘရင်ခွင်ထဲက ထွက်လာစကို ဘ၀ခါးခါးထဲ ဆွဲထည့်ခံလိုက်ရသလိုပါပဲ။ အဘိုးကတော့ ဆုံးသွားပါပြီ။ ကျွန်မက MUFL မှာ English စာ Major ယူတယ်။ မိုးကုတ်က ဘကြီးသန်းဖေရဲ့ သမီး အငယ်က Japan Major နဲ့ တတ်တယ်။ ဘကြီးသန်းဖေ သူ့သမီးဆီလာတိုင်း အဘွားအိမ်မှာ တည်းပြီဆိုရင် ကျွန်မကို အမြဲဆူဟောက်တယ်။ အလုပ်တွေ ခိုင်းတယ်။ မျက်စိဒေါက်ထောက်ကြည့်ပြီး အပြစ်ပြောတယ်။ ညဘက်ဖုန်းပြောလို့တဲ့ ကျွန်မကို ပိုက်ဆံဖြုန်းတယ်ဆိုပြီး ဆူတယ်။ သူ့သမီးကိုတော့ ဘာမှမပြောပါဘူး။ အဘွားလည်းတူတူပါပဲ။ မြေးချင်းအတူတူ အိမ်အလုပ်ကူပေး သူခိုင်းသမျှလုပ်ပေးတဲ့ ကျွန်မကိုတော့ ချုပ်ချယ်တယ်။ အပြင်ပေးမထွက်ဘူး။ သားအချစ်မြေးအနှစ်ဆိုတာ ဘာကို ဆိုလိုမှန်းတောင်မသိခဲ့ရသလို ချစ်ခြင်းမေတ္တာဆိုတာလည်း မခံစားခဲ့ရဘူး။ ပထမနှစ်ပြီး ဒုတိယနှစ်ရောက်တော့ ကိုဖြိုးတို့ မိသားစု စီးပွားပျက် နေဖို့အိမ်မရှိတော့ အဘွားအိမ်မှာလာနေကြတယ်။ အဲဒိမှာ ကိုဖြိုးအဖေ ဘကြီးဦးလေးဖြစ်သူ ပြောတာဆိုတာ ထပ်ခံရပြန်ရော၊ရေနွေးအိုးတည်တာကအစ ဆူဟောက်တာတွေလည်း ခံရ။ မကြည်ဖြူကြတာပေ့ါ။ အထီးကျန်တာကော မိဘကို လွမ်းတဲ့စိတ်ကော ကျောင်းတက်ရတာငွေကြေးအဆင်မပြေတာကော အရမ်းကို မွန်းကျပ် စိတ်အားငယ်ပြီး နေခဲ့ရတယ်။ ကျောင်းဆင်းပြီးဆို အိမ်ပြန်ရမှာကို တွေးပြီး စိတ်ညစ်ခဲ့ရတယ်၊ ကျွန်မ စိတ်ညစ်ပြီးဆိုရင်တေ့ာ ဘုရားလူကြီး ဘကြီးရှိတဲ့ ဘုရားနီဘုရားထဲသွား တရားထိုင် ပုတီးစိတ် ဘုရားသန့်ရှင်းရေးလုပ်ရင်း စိတ်ဖြေခဲ့ရတယ်၊ ဘုရားထဲသွားသွားငိုခဲ့ရတယ်။
ဒုတိယနှစ်ကျောင်းတတ်တော့ ဆေးကျောင်းက ကောင်လေးတစ်ယောက်နဲ့ ချစ်ကြိုက်ခဲ့တယ်။ ပထမဆုံးချစ်မိတဲ့အချစ်ဦးဖြစ်တာက တစ်ကြောင်း၊ ခိုနားစရာ မိသားစု ရင်ခွင်မရှိတာကြောင့် ချစ်သူ့လက်ကိုပဲ အားကိုးတစ်ကြီး ဆုတ်ကိုင်ရင်း ဖြတ်သန်းခဲ့ရတယ်။ အဘွားအိမ်မှာနေတုန်း တခါတခါ ချိန်းတွေ့ရတာ အရမ်းကို ခက်ခဲခဲ့တယ်။ အဘွားတို့အမြင်မန်းလေးမှာက ကောင်လေးဆိုင်ကယ်နောက်ကို လိုက်စီးရင်ကို မိန်းမပျက် လိုလိုအထင်ခံရတယ်။ အိမ်ကနေ မုန့်၀ယ်စားမယ်၊ အင်တာနက် Cafe သွားမယ်. ပြောပြီး ကျုံးဘေးနားမှာ ချိုန်းရင်း အပြင်သွားခဲ့ရတာ၊ လက်ကိုင်ဖုန်းမရှိတော့ ဆယ်လူလာဖုန်းနဲ့ ဆက်သွယ်ပြောဆိုရတယ်။ ချစ်သူကလည်း အရမ်းချစ်ပြီး ဂရုစိုက်ပြီး အရာရာဖြည့်ဆည်းပေးပြီး ပျော်အောင်ထားတဲ့သူ အနစ်နာခံသူမို့ ပိုအချစ်တိုးခဲ့ရတယ်။ အပေါင်းအသင်းသိပ်မထားတာကြောင့်လည်း အချိန်ရတာနဲ့ ချစ်သူနဲ့ပဲ ချိန်းတွေးဖြစ်တာများတယ်၊။ အချစ်ဆုံးသူငယ်ချင်းတစ်ယောက်တော့ရှိခဲ့တယ်။ ဘယ်သွားသွား ဘယ်လာလာ သူ့ဆိုင်ကယ်နောက် သူ့ဦးဆောင်ရာ နောက်ပဲလိုက်ခဲ့တာပေ့ါ။ သူလည်း သူ့ချစ်သူနဲ့ ကိုယ်လည်း ကိုယ့်ချစ်သူနဲ့ Double date တွေလုပ်ရင်း ကျောင်းသားဘ၀ ပျော်ခဲ့ရပါတယ်။
တတိယနှစ်ကိုရောက်တော့ အဘွားအိမ်မှာနေရတဲ့ ဒဏ်ကို လုံး၀မခံနိုင်တော့လို့ အဆောင်ပြောင်းနေခဲ့တယ်။ အဆောင်ပြောင်းတော့ အမကြီးက အရင်လို ကျောင်းကို ပုံမှန် လိုက်မပို့နိုင်တော့ဘူး။ ချစ်သူက အပို့အကြိုလုပ်ပေးလိုက်၊ သူငယ်ချင်းဆိုင်ကယ်တွေနောက်လိုက်လိုက်၊ ကျောင်းဖယ်ရီကားစီးလိုက်နဲ့ တစ်လှည့်စီကျောင်းတက်ခဲ့ရတာ။ ကျောင်းပြန်ချိန် လာကြိုမဲ့သူစောင့်ရင်း ကျောင်းခန်းထဲမှာ ခြောက်ကပ်ကပ် တစ်ယောက်တည်းဖြစ်နေခဲ့ချိန်တွေလည်း အများကြီးပါပဲ။ သူငယ်ချင်းတွေက အလျှိုလျှို ကိုယ့်ဆိုင်ကယ်နဲ့ကိုယ်ပေ့ါ။ အဲလိုအချိန်တွေ ကျောင်းခန်းနဲ့ ဆရာဆရာမ ရုံးခန်းနဲ့နီးတော့ English စာ Professor ဆရာဦးဇော်ထွန်းနဲ့ စကားတွေပြောရင်း စာတွေ ပြရင်းဆွေးနွေးဖြစ်တယ်။ ဆရာကို အစာအိမ်မကောင်း ခနခန ဖျားတတ်တဲ့ ကျွန်မကို ဂရုစိုက်တယ်၊ ဆေးတွေ၀ယ်ပေးတယ်။ English Novel နဲ့ Poem တွေ ကို ခံစားတတ်အောင် နားလည်အောင် စာပေဆိုတာကို ဒါဆိုတာ မီးမှောင်းထိုးသင်ပြပေးခဲ့တဲ့ လက်ဦးဆရာပါပဲ၊ ဆရာ့ကြောင့်လည်း ကျောင်းတတ်ရတာ ပိုပျော်ခဲ့တယ်။ စာတတ်ချင်စိတ်ပို ဖြစ်ခဲ့တယ်။ ကဗျာတွေ စာတွေ English novel တွေကို ကောင်းကောင်းဖတ်တတ်ခဲ့တယ်။ ဘ၀ရဲ့ Silver lining ပေ့ါ။
ကျွန်မ ပထမဆုံး အဆောင်မှာ နေရတော့ ပို စိတ်ချမ်းသာသွားခဲ့ရပေမဲ့ အပူအပန်တွေ များလွန်းတော့ ညဘက် အိပ်မပျော်တဲ့ရောဂါက မသိမသာစွဲကပ်လာခဲ့တယ်။ ကျောင်းစရိတ်ထောက်ပေးတဲ့ အမကြီးကလည်း အလုပ်အကိုင်အဆင်မပြေတော့ဘူး။ မှတ်မှတ်ရရ ကျောင်းမုန့်ဖိုးရဖို့ အတိုးလိုက်တောင်းပြီးမှ ရတာ။ ရှမ်းခေါက်ဆွဲရောင်းတဲ့ အန်တီကြီး။ အတိုးတောင်းဖို့သွားရင် မသိချင်ယောင်ဆောင်နေတယ်၊ ကျွန်မကလည်း မဝံ့မရဲ ကြောက်ကြောက်နဲ့ မတောင်းရဲဘူး၊။ စကားလည်း သိပ်မဟရဲဘူး။ကြွေးတောင်းရချိန်ဆို ကျွန်မ သိပ်စိတ်ညစ်ပြီးကြောက်တာပဲ။သူ့ဆီက အတိုး ၅၀၀၀ လေးရဖို့ အတော်စောင့်ယူရတယ်။ လက်နဲ့ လည်ပင်းတွေကသာ ရွေသီးနေတာ။ ဆိုင်ကသာ လက်မလည်အောင် ရောင်းရတာ၊။ ကျွန်မကို အတိုးပေးဖို့ လက်တွန့်သလားမမေးပါနဲ့။ ကျွန်မချစ်သူကတော့ မညင်းမညူလိုက်ပို့ပေးရှာပါတယ်။
ကျွန်မ ကျောင်းတတ်ခဲ့ရတဲ့ ၄နှစ်မှာ ကျွန်မရဲ့ ချစ်သူ သာမရှိရင် ကျွန်မဘယ်လို ဖြတ်သန်းရမယ်ဆိုတာ စဥ်းတောင် မစဥ်းစားမိဘူး။ ငယ်လေးကတည်းက ကျန်းမာရေးက ချူချာ။ စိတ်ထိခိုက်လို့ ငိုတာနဲ့ လက်တွေခြေတွေကပ် သတိလက်လွတ်ဖြစ်တတ်တဲ့ကျွန်မ၊ ငွေကြေးက ကြပ်တည်း၊ အပေါင်းအသင်းကမရှိ။ မိဘနဲ့ တကွဲစီနေရ၊ ဆိုင်ကယ်လည်း မစီးတတ်၊ လောကကြီးအကြောင်း ဘာမှ မသိနားမလည်။ အရာရာကို ခေါင်းငုံ့ခံ ငိုရုံကလွဲလို့ ဘာမှမတတ်နိုင်တဲ့ ကျွန်မ၊ စိတ်အားငယ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ကျွန်မဘဝထဲကို ချစ်သူက အများကြီး နားလည်ဖေးမကူညီခဲ့တယ်။ ကျွန်မနာမည် မေသက်နွယ်ကို သူက အဖျားစွတ်ပြီး မေလို့ ခေါ်ပြီး အောင်ပိုင်စိုးဆိုတဲ့သူနာမည်ကိုတော့ ပိုင်လို့ ခေါ်ခဲ့တယ်။ သူလည်း ကျွန်မကို သိပ်ချစ်ခဲ့သလို ကျွန်မလည်း သူ့ကို အရူးအမူးချစ်ခဲ့တယ်။ ကျွန်မစိတ်ဆိုးလို့ အဆက်သွယ်မရရင် ကျွန်မအဘွားအိမ်ရှေ့ အဆောင်ရှေ့တစ်နေကုန် စောင့်ပြီး ကျွန်မကို လာလာချော့တဲ့သူမျိုး၊ သူရတဲ့ မုန့်ဖိုးအားလုံး ကျွန်မကို အပ်ပြီး ကျွန်မကို အရာအားလုံးစီမံခွင့်ပေးတဲ့သူမျိုး၊ ကျွန်မလိုချင်တာမှန်သမျှ လက်ညိုးထိုးပြီး ၀ယ်ပေးတဲ့သူမျိုး၊ အဆောင်မှာနေတုန်းက ကျွန်မ ရှိတဲ့ မုန့်ဖိုးနဲ့ ချိုးခြံပြီး စားသောက်ရချိန် စားသောက်ဆိုင်တွေ သွားစားဖို့ ဝေလာဝေး။ သူ့ကြောင့် အကောင်းဆုံးစျေးအကြီးဆုံး စားသောက်ဆိုင်တွေ လည်ချင်ပတ်ချင်တဲ့ နေရာကောင်းမှန်သမျှ ကောင်းကောင်းမွန်မွန် နေခဲ့ရတယ်။ သူ့ဆိုင်ကယ်နောက်မှာ ခါးကို ဖက်စီးပြီး မန်းလေးမြို့တစ်ပတ် လည်ခဲ့ရတဲ့အချိန်တွေက ကျွန်မဘ၀ရဲ့ တသက်မမေ့နိုင်တဲ့ နိဗာန်ပါပဲ။ သူကျွန်မအပေါ် ကောင်းသလို ကျွန်မလည်း သူ့အပေါ် အများကြီး ဂရုတစိုက်ရှိပေးခဲ့ပါတယ်။ သူ့အ၀တ်အစားတွေ လျော်ပေးတယ်။ သူ့စာတွေ လိုက်ကူကျက်ပေးတယ်။ လတိုင်းလတိုင်း သူ့အတွက် Anniversary gift တွေ လုပ်ပေးတယ်။ ချစ်သူရည်းစား သဘာ၀အရ ရန်ဖြစ်တာတွေ မိန်းကလေး သဘာ၀အရ ရစ်မိတာတွေ ပထမဆုံးရည်းစားထားဖူးတော့ ဘယ်လိုကိုင်တွယ်ရမှန်းမသိတာတွေကြောင့် ချစ်သူသက်တမ်း ၂နှစ်ခွဲကျော် Fourth Year ကုန်ခါနီးမှာ ကတောက်ကဆတွေ များလာခဲ့တယ်။ ကျွန်မထင်တာက အချိန်တွေ ကြာလာလို့ သွေးအေးတယ်။ အလေးအနက်မထားဘူးလို့ ထင်တာပေ့ါ။ သူ့ဘက်ကလည်း ကျွန်မက သူ့အချစ်ဦးဖြစ်နေတော့ တစ်ချို့ နေရာတွေမှာ လိုအပ်ချက်တွေ အယူအဆလွဲတာတွေ ဖြစ်ခဲ့တာပေ့ါ၊
ဒီလိုနဲ့ ကျွန်မ ကျောင်းပြီးတော့ မိုးကုတ်ခန ပြန်ခဲ့တယ်။ မိုးကုတ်ပြန်ရောက်တော့ အမေတို့ ငှားနေတဲ့အိမ်က ငှားနေခဲ့ရသမျှ အိမ်ထဲမှာ အဆိုးဆုံး အစုတ်ပြတ်ဆုံးပါပဲ။ နှစ််ထပ် ထရံအိမ်ရဲ့အောက်က အိမ်အောက်ထပ်၊ အိမ်အောက်ထပ်က အပေါ်ထပ်ကို တက်တဲ့လှေကားအောက်မှာ၊ အထပ်ကနိပ့်တော့ အိမ်မှာ မတ်တပ်တောင် ကောင်းကောင်းရပ်မရဘူး။ ကုန်းပြီးလျောက်ရတယ်။ ထုံးစံအတိုင်း ကြမ်းခင်းမရှိ။ မြေကြီးခင်းကို သစ်အခင်းနဲ့ နေရတာ။ နောက်ဖေးဟင်းချက်ခန်းဆို ပိုနိမ့်တယ်။ ဟင်းချက်ခန်းဆိုတော့ ကြမ်းခင်းမရှိ မြေကြီးမှာပဲ မီးဖိုပြီး ချက်တာပေ့ါ။ ပြတင်းပေါက်ကလည်း တစ်ချက်ပဲရှိတယ်။ အိမ်တွင်းအခန်းထဲမှာဆို မှောင်မဲပြီး လေကောင်းလေသန့်လည်းမရ။ မထင်မှတ်ဘဲ သူငယ်ချင်းတစ်ယောက်နဲ့ တွေ့တော့ နင်တို့ ဘယ်လိုဖြစ်တာလဲ။ နင်ဒီမှာနေနေတာလားတဲ့။ ကျွန်မလည်း ဘာမှ မပြောတတ်ဘူး။ အင်းလို့ပဲ ဖြေလိုက်တယ်။ ရှက်သလိုလို စိတ်အားငယ်သလိုလိုနဲ့ ဒီဘ၀ကြီးကို ကျွန်မ မကြိုက်ဘူး။ သားသမီးအားလုံးကို ပညာတတ်အောင် ထားပြီး အနစ်နာခံကျွေးမွေးခဲ့ကြတဲ့ အဖေနဲ့ အမေကို သနားတယ်။ အသက်ကြီးပြီး ကျချိန်ရောက်တာကော ဓာတ်ပုံစီးပွားရေးစျေးကွက်မှာ Digital ခတ်အကူးအပြောင်းမှာ မတိုးတော့တာကော ၀င်ငွေလည်း သိပ်မကောင်းတော့ဘူးလေ။
အိမ်မှာ ခနနေပြီး ဘာဆက်လုပ်မလဲစဥ်းစားတယ်။ ဟိုးငယ်ငယ်ကတည်းက ရန်ကုန်မှာ နေပြီး အလုပ်လုပ်ချင်တဲ့ စိိတ်ရှိတာမို့ ဘွဲ့မရသေးပမဲ့ ကျွန်မ ရန်ကုန်မှာ အလုပ်သွားလုပ်ဖို့ ဆုံးဖြတ်တယ်၊ ကျွန်မရဲ့အထက်က အမက ရန်ကုန်မှာ အလုပ်လုပ်နေပြီ။ ကျွန်မ အကိုလည်း အွန်လိုင်းရှောပင်ပလက်ဖောင်းမှာ ဓာတ်ပုံရိုက်၊Sale ပိုင်းတာ၀န်ယူနေတယ်။ မိုးကုတ်မှာ နေတုန်း ကျွန်မနေတဲ့ အိမ်အပေါ်ထက်က ပိုင်ရှင် အန်တီကြီးရဲ့ သမီး ၁၀ တန်းကျ ကောင်မလေးတစ်ယောက်ကို လခယူပြီး English စာသင်ပေးတယ်။ Guide လုပ်ပေးတယ်။ ကျောက်သမားတွေကို English 4 Skills ပြန်သင်ပေးရင်း ငွေရှာရင်း ပညာမျှ၀ေရင်း ၂လ ၃ လလောက်ကြာခဲ့တယ်။
မိုးကုတ်မှာနေတုန်း ကျွန်မချစ်သူပိုင်နဲ့ ကြားက ပရိပခ တွေ ပိုဆိုးလာခဲ့တယ်။ အနေဝေးတာလည်းပါမယ်။ အချိန်တွေကြာလာတော့ တစ်ယောက်ကိုတစ်ယောက်သည်းမခံနိုင်တာတွေလည်းပါမယ်။ ဒါ့အပြင် အိမ်ပြန်နေတာ့ အဖေအမေနဲ့ တူတူနေ တူတူအိပ်ရတော့ လွတ်လွတ်လပ်လပ်မရှိတော့ ဖုန်းပြောဆက်သွယ်ရ အဆင်မပြေဖြစ်တာတွေလည်းရှိတယ်။ ကျွန်မရဲ့ စိတ်ဒဏ်ရာတွေကို သူ့ဆီပဲ ပုံချမိလေသလား? ကျွန်မကပဲ ရစ်လွန်း အပြစ်ရှာတတ်လွန်းတာလားမသိပါဘူး၊ သူကျွန်မကို ကြာတော့ သည်းမခံတော့ဘူး၊ ရှောင်ဖယ် ရှောင်ဖယ်တွေ လုပ်လာတယ်၊ ခနခန လည်းရည်းစားပူမိပြီး ငိုရတယ်။ ရန်တွေလည်း ဖြစ်ရတယ်။ ကျွန်မလမ်းခွဲမယ်ပြောတိုင်း ပြန်ပြန်ရောက်လာတတ်တဲ့သူ။ အဲတစ်ခေါက်မှာ ကျွန်မကို Fb ကနေ Block သွားတယ်။ ဖုန်းလည်းဆက်လို့မရတော့ဘူး။ ကျွန်မကတော့ တငိုငို တရီရီနဲ့ပေ့ါ။ ဒါမဲ့ အချိန်တန်ရင် ပြန်ဆက်မှာပဲ။ သူပြန်လာမှာပဲလို့ ထင်ခဲ့သေးတယ်။ တစ်နေ့တော့ ကျွန်မရဲ့အချစ်ဆုံးသူငယ်ချင်းက ဖုန်းဆက်လာတယ်။ နင် အဲကောင်နဲ့ တကယ်ဖြတ်မှာလား။ တကယ်ပြတ်လားတဲ့။ ဖြတ်မယ်ဆိုမှ သူပြစရာရှိတာကို ပြမယ်တဲ့.။ပြီးတော့ ကျွန်မကို သူ စိတ်ခိုင်ခိုင်ထားဖို့လည်း ပြောတယ်။ Messenger ကနေ ကျွန်မသူငယ်ချင်းပို့လိုက်တဲ့ပုံကြောင့် ကျွန်မ လောကကြီးတစ်ခုလုံးဗြောင်းဆန်ပျက်စီးသွားသလို ခံစားလိုက်ရတယ်။ ပိုင်နဲ့ ဘယ်သူမှန်းမသိတဲ့ကောင်မလေးတစ်ယောက် မဂ်လာမန်းလေးမှာ ပျော်နေတဲ့ပုံတင်ထားတာ။ ကျွန်မနဲ့ ရန်ဖြစ်တာမှ ရက်ပိုင်းပဲရှိသေးတယ်။ လမ်းခွဲမယ်ဆိုတာလည်း ကျွန်မတို့ ၂ယောက်ကြား ကတောက်ကဆ ဖြစ်တိုင်းပြောနေကျ စကားလုံးမဟုတ်ဘူးလား။ ချက်ချင်း မျက်ရည်တွေက ဒရဟော ကျလာသလို့ ကျွန်မ ကိုယ့်မျက်စိကိုယ် မယုံနိုင်ခဲ့ဘူး။ ကျွန်မ မိဘတွေမရှိချိန်မှာ အဖေတစ်ယောက်လို အားကိုးယုံကြည်ခဲ့ရတဲ့သူ။ ကျွန်မဘ၀မှာ သူကလွဲလို့ ဆိုးစရာလူဆိုတာမရှိဘူး။ ခနလေးခွဲရတာတောင် မနေတတ်တဲ့ကျွန်မ။ ကျွန်မသူ့ကို ဖုန်းဆက်တော့ ကောင်မလေးနဲ့တွဲနေတာ ဟုတ်တယ်တဲ့။ ကျွန်မ လိုက်ပို့ပေးပါလို့ အတန်တန် တောင်းဆိုခဲ့တဲ့ မဂ်လာမနလေးဆိုတဲ့ Shopping mall ကို လိုက်မပို့တဲ့သူက ကောင်မလေးအသစ်နဲ့,Fb မှာ Official တောင် ဓာတ်ပုံတွဲတင်တာဆိုတော့။ ကျွန်မကတော့ တင်လေ့မရှိဘူး. သိုသိုသိပ်သိပ်နေတတ်သူမို့။ ကျွန်မ ငိုပြီးတောင်းပန်တယ်။ ကျွန်မကို မရက်စက်ဖို့ ဘာလို့ နောက်တစ်ယောက်ထားတာလဲ။ ဘယ်လိုဖြစ်ကြတာလဲ? စသဖြင့်။ ဒါပေမဲ့မရခဲ့ပါဘူး။ နောက်ကောင်မလေးကို နောက်ကို ကောက်ကောင်ပါအောင် ပါသွားတာပါပဲ။ ပထမဆုံးရည်းစားဦး။ အားကိုးစရာ မှီခိုစရာ ဘ၀ရဲ့ လက်တွဲဖော်လို့ သတ်မှတ်ခဲ့တဲ့သူနဲ့ လမ်းခွဲရတယ်ဆိုတာ တခါမှ မကြုံဖူးဘူးလေ။ အသည်းကွဲတယ်ဆိုတာ စကားလောက်ပဲရှိတာပါ။ ထမင်းစားလည်း မျက်ရည်ကျ၊ လမ်းလျောက်နေရင်းလည်း ငို၊ သီချင်းနားထောင်ရင်းလည်း ငို၊ ၂၄ နာရီ ငိုကြွေးပူဆွေးခဲ့ရတယ်။ ကျွန်မသူနဲ့မခွဲနိုင်ဘူး။ ပြတ်လည်းမပြတ်နိုင်ဘူး။ ဒါပေမဲ့လေ စိတ်နာနာနဲ့သူနဲ့ အတူရိုက်ထားတဲ့ဓာတ်ပုံတွေအကုန်ကို တစစီ ဆွဲဖြဲပြီး သူ့ဆီ ပါဆယ်ပို့လိုက်သေးတာ။
အကိုက သူ့အလုပ်မှာ Customer service agent ရာထူးနဲ့ အလုပ်မှာ ပြောပေးမယ်ပြောလို့ မိုးကုတ်ကနေ ရန်ကုန်ကို ထွက်ခဲ့တယ်။ တဆင့်တည်းစီးမရတော့ မန်းလေးမှာ ခရီးတစ်ထောက်နားရင်း ပိုင်နဲ့ အဆက်သွယ်လုပ်ဖြစ်တယ်။ တွေ့ဖြစ်ကြတယ်။ ပြန်လာခဲ့ဖို့ တောင်းပန်ခဲ့တယ်၊ သူကလည်း ဟိုဘက်ကို ဖြတ်လိုက်မယ်ပြောပါတယ်။ ဒါပေမဲ့လေ သူနဲ့တွေ့တိုင်း စကားပြောတိုင်းမှာ ကျွန်မ နားလည်သဘောပေါက်လိုက်တာက သူကျွန်မကို စိတ်မပါတော့ဘဲ တစ်ဖက်မိန်းကလေးဆီ စိတ်ပိုရောက်နေပီဆိုတာကိုပဲ။ ကျွန်မမှာ အရူးမီးဝိုင်းပါပဲ။ တောင်းပန်လို့လည်းမရ၊ ဆွဲခေါ်လို့လည်းမရသလို ကိုယ့်အပေါ် သစာဖောက်သွားတဲ့သူကို ခွင့်မလွှတ်နိုင်၊ တစ်သက်မှာ တစ်ခါမှ မချစ်ဖူးလို့ ပိုတွယ်တာပြီး မခွဲနိုင်မခွာရက်ဖြစ်တာကော ရင်ကွဲပက်လက်ဖြစ်ခဲ့ရတာပေ့ါ။
ရန်ကုန်ကို ရောက်တော့ အလုပ်လုပ်ဖို့ စရုန်းကန်ရပြီ။ ပိုင်နဲ့ ကအဆက်သွယ်ရတစ်ချက် မရတစ်ချက်ပါ၊ နောက်ကောင်မလေးနဲ့ တွဲနေတယ်ဆိုတာသိနေပေမဲ့လည်း မပြတ်နိုင်တဲ့ သံယော်ဇဥ်နဲ့ ကျွန်မဘက်က ဖုန်းနဲ့ အဆက်သွယ်လုပ်မိတုန်းပါ။ မှတ်မှတ်ရရပေါ့။ အသည်းကွဲတာကို မခံနိုင်လို့ သူငယ်ချင်းကို ရင်ဖွင့်ရင်း မေ့ချင်ဇော်နဲ့ စပိုင်ဝိုင်တွေ သောက်ပြီးမူးတော့ ပိုင့်ကို ဖုန်းခေါ်မိတယ်၊ သူ့ကောင်မလေးက ဘေးမှာ။
New Year ည အမေတို့ သူငယ်ချင်းတွေ ပွဲလုပ်တော့ လိုက်သွားဖြစ်တယ်၊ အမေ့သူငယ်ချင်းက ဝိုင်သောက်ဖို့ ပြောတယ်။ စပိုင်ဝိုင်လောက်သောက်ဖူးတဲ့ ကျွန်မလေ သူကမ်းပေးတဲ့ ဝိုင်ခွက်ကို ခါးလည်းဇွတ်မော့ချတာ။ တခါတည်း ၄ -၅ ခွက်။ သူ့ကို သိပ်မေ့ပစ်ချင်တာကိုး။ Alcohol Percentage များလွန်းတော့ တခါမှ မသောက်ဖူးတဲ့ ကျွန်မ တော်တော်ကို မူးမူးရူးရူးဖြစ်သွားတယ်။ မူးတော့ ထုံးစံအတိုင်း ဖုန်းခေါ်တာပေ့ါ။ New year ည ကျုံးဘေးမှာ သူတို့ နှစ်ဦးတူတူရှိနေကြတယ်။ အော် ချစ်သူ လုပ်ရက်လိုက်တာ။ ခနလေးတွေ့နဲ့ သူနဲ့ တစ်ညတာ အတူတူ ဖြတ်သန်းနေကြပြီပေ့ါ၊ ကျွန်မကို တကယ်ပဲ ပြတ်သားနိုင်ပြီပေ့ါ။
ညက တော်တော်များသွားတော့ အစာအိမ်မကောင်းတဲ့ ကျွန်မ Hangover ဖြစ်ပြီး ၃ ရက်လောက်ဖျားတယ်။ ဘာမှ မစားနိုင်ဘဲ စားသမျှ ပြန်အန်တယ်။ တော်တော်ခံရခက်တဲ့ အသည်းကွဲတဲ့ ဝေဒနာရယ်ပါ။ ဖောက်ပြန်တယ်လို့ ခေါင်းစဥ်မတပ်ချင်ပေမဲ့လည်း ကိုယ်နဲ့အတူရှိနေကတည်းက တွဲနေခဲ့ကြတာ အသိသာကြီးလေ။ နောက်တပတ်လောက်နေတော့ ဖုန်းစိမ်းတစ်ခု ၀င်လာတယ်။ ပိုင့်ရဲ့ ကောင်မလေးဆီက။ အင်း။ ကျွန်မဘက်ကလည်း ဆက်မပတ်တော့တဲ့အကြောင်း အပြတ်ပြောလိုက်ပါတယ်။ လူသိရှင်ကြား ၂နှစ်ကျော် ၃နှစ်တွဲပြီးမှ ကျွန်မ အချစ်ဦးနဲ့ ကျွန်မ ခါးခါးသီးသီးပြတ်စဲခဲ့ကြတယ်။
New Year ပြီး နှစ်သစ်မှာ အကိုက သူလုပ်နေတဲ့ Kaymu ဆိုတဲ့ Online shopping platform မှာ အလုပ် အင်တာဗျူးဖြေဖို့ ကူညီပေးခဲ့တယ်။ Operation manager ဖြစ်သူက နိုင်ငံခြားသား နယ်သာလန်ကပါ။ ကျွန်မက English စာကောင်းကောင်းတတ်တာကော Communication ကောင်းတာကောမို့ ပထမ အင်တာဗျူးမှာတင်အောင်သွားတယ်။ ပထမဆုံးအလုပ်ဆိုတော့ စိတ်လည်းလှုပ်ရှားတယ်။ လူသစ်စိတ်သစ် ဘ၀သစ်စမယ်။ မိဘကို ပြန်ထောက်နိုင်အောင် ကြိုးစားမယ်ဆိုတဲ့ စိတ်နဲ့ လစာ ၁သိန်း ၈သောင်း ရတဲ့အလုပ်ကို အားသွန်ခွန်စိုက်သင်ယူပြီး လုပ်ခဲ့တယ်။
ကျွန်မလုပ်ရတဲ့အလုပ်က Online ကနေ Customer တွေကို အော်ဒါမှာတဲ့ အဆင့်ကနေစလို့ မှာထားတဲ့ အော်ဒါရောက်မရောက်၊ အော်ဒါရပြီး rating ပေးဖို့ တောင်းတာတွေ၊ အ၀င် call အချက်အလက်မေးတာတွေ၊ တစ်နေ့ကို ဖုန်း call 70 ကနေ ၁၀၀ ကြားခေါ်ရမယ်ဆိုတဲ့ KPI ပေးထားတယ်။ မှာထားတဲ့ အော်ဒါပို့တာမှားတာတွေ၊ ပို့တာနောက်ကျတာတွေ၊ အဆင်မပြေဖြစ်တာတွေ အကုန် ကျွန်မတို့ Customer service တွေကပဲဒိုင်ခံ ဖြေရှင်းရတာပေ့ါ။ အပြောခံအဆဲခံရတာတွေလည်းရှိပါတယ်၊။ ပင်ပန်းတယ်ဆိုပေမဲ့ ကျွန်မရဲ့ ပထမဆုံးအလုပ်က အပျော်ဆုံးအလုပ်လို့ ပြောရမှာပဲ။ မနက်ဆိုရင် ၆ ခွဲလောက်ထတယ်။ စျေးသွား မနက်စာနေ့လည်စာဟင်းချက်။ ၈ နာရီလောက် ကားဂိတ်အရောက်သွား တာမွေကနေ မြို့ထဲထိ ၁နာရီလောက်စီး။ ချိုင့်ကြီး ချို့င်ငယ်နဲ့ ရုံးတတ်။ ညနေ ၆ခွဲလောက် ရုံးကနေပြန်တယ်။ ကားစီးရင်ထိုင်ခုံရမှ စီးတတ်တဲ့ ကျွန်မ၊ ထိုင်ခုံရတဲ့ ကားစောင့်စီးရတာ နာရီ၀က်လောက်ကြတယ် နေ့တိုင်းလိုလို။ ဘတ်စ်ကားမှတ်တိုင်ကနေ ကျွန်မအိမ်ကို ၁၅ မိနစ်လောက်ထပ်လျာက်ရတယ်။ တာမွေစျေးမှာ ညစာအတွက်စျေး၀ယ်ပြီး ည၈ နာရီလောက်မှအိမ်ပြန်ရောက်တယ်။ ပြန်၇ောက်တော့လည်း ညစာချက်ပြုတ်၉ နာရီလောက်မှ စားရတယ်။ လစာ ၁သိန်း ၈ သောင်းကို အိမ်လခ အမေ့ကို ပြန်ဆပ်။ အမေနဲ့အဖေကို ကန်တော့။ စားဖို့သောက်ဖို့စရိတ်တွေဖယ်။ သုံးဖို့စားဖို့တွေဖယ်။ အ၀တ်စားလည်း သိပ်မ၀ယ်နိုင်ပါဘူး၊ ရှိတာလေး၀တ်ပြီး ချိုးခြံခြွေတာပြီးနေခဲ့တယ်။ အလုပ်လုပ်ပြီး ကိုယ့်ပိုက်ဆံ ကိုယ်သုံးနေရတဲ့ဘ၀ရောက်တဲ့အခါ ကျွန်မ သိပ်ပျော်တယ်။ ကိုယ့်ပညာကို အသိမှတ်ပြုပြီး အသုံးချလို့ရတဲ့လုပ်ငန်းခွင်မှာ လုပ်ကိုင်ရတာကိုလည်း သဘောကျတယ်။
အလုပ်ကို ကြိုးစားတဲ့ ကျွန်မ ၃ လအတွင်းမှာ Logistics ပိုင်းမှာပါ တာ၀န်ယူပြီး လုပ်ပေးဖို့ Operation Manager ဖြစ်သူ Derek က ကမ်းလန်းတယ်။ ကျွန်မလည်း လစာပိုတိုးပေးဖို့ ပြောပြီး Customer service ပိုင်းက 50% Logistics ပိုင်းက 50% တာ၀န်ယူလုပ်ကိုင်ခဲ့တယ်။
ပထမဆုံးအလုပ်အကြောင်းကို ပြောရင် Customer service head အကြောင်းကို ချန်ထားခဲ့လို့မရဘူး။ Head ဆိုတော့ Customer Service ခေါင်းဆောင်ပေ့ါ။ စည်းကမ်းကြီးတယ်။ အလုပ်လုပ်တာ တိကျတယ်။ မြန်ဆန်တယ်၊ ပြတ်သားတယ်။ စွာတေးလန်ဆိုပြီး ပြောကြတယ်။ ဒါပေမဲ့ ဆရာစားတွေ ချန်တယ်။ အလုပ်အကြောင်း System အသုံးပြုပုံ Website အသုံးပြုပုံတွေကို အကုန် မသင်ပေးဘူး။ အမှားနှိပ်မိတာတွေဖြစ်တော့ ကျွန်မအပြစ်ပြောဆိုခံရတယ်။ ဒါပေမဲ့ လက်အောက်ငယ်သားကို ကာကွယ်ပြောဆိုပေးခြင်းမရှိခဲ့ဘူး။ အချိန် ၂ လကျော်ကြာအလုပ်လုပ်ပြိးနောက်မှာ သူမဟာ Personal နဲ့ Professional မခွဲတတ်သူဆိုတာ မြင်လာရတယ်။ အလုပ်မှာ နေရင်းနဲ့ သူ့ရည်းစားနဲ့ စကားတွေ အကြာကြီးပြောတယ်။ တစ်ရက်ဆို တ နေကုန် အလုပ်မလုပ်ဘဲ အော်ဟစ်ငိုယိုနေတယ်။ ကျွန်မတို့ အဖွဲ့သားတွေကတော့ Customer တွေခေါ်သမျှ ဖုန်း Call တွေ ဒိုင်ခံ ဖြေရင်း အလုပ်ပိုများနေတုန်း Derek က ၀င်လာပြီး ကျွန်မကို ဒီနေ့ ဖုန်းခေါ်တာနည်းလှချည်လား။ တစ်ခြားလူတွေ Call ပေါင်း ၇၀ ကျော်နေပြီတဲ့။ ကျွန်မက call တစ်ခုချင်းစီအတွက် ပြသနာဖြေရှင်းပြောနေရာကြာတော့ အများကြီး မခေါ်နိုင်ဘူးလေ။ Head အမက ဘယ်လို လုပ်တနေကုန် အလုပ်မလုပ် ဖုန်းမခေါ်ဘဲ call ၇၀ ပြည့်သွားလဲဆိုတာ အံ့သြသွားရတယ်။ System ထဲမှာ တကယ်မခေါ်ဘဲ ထည့်ထားပြီး Cheating လုပ်တာပေ့ါ။ နောက် Overtime ဆင်းရင် ၂ ဆပေးတဲ့ Policyရှိတာကြောင့် overtime လုပ်ချင်တဲ့ ကျွန်မတို့အတွက်လည်း Head က စနေနေ့တိုင်း သူအမြဲဆင်းရတဲ့နေ့ပါဆို ညာပြီးး သူပဲ ဒိုင်ခံ overtime ယူပါတယ်။ ကျွန်မ အောက်က လူတွေကတော့ သူထည့်ပေးတဲ့ ရက်ပဲ ယူရတာပေ့ါနော်။
ကျွန်မ ၃ လအတွင်း ရာထူးတတ်တာနဲ့ လစာတိုးတာလည်း သူမနာလိုဘူးဆိုတာ သိလာရတယ်။ ကျွန်မနောက်မှာ
အသစ်၀င်လာတဲ့ Junior တွေကို ကျွန်မပဲဦးစီးပြီး တွဲခေါ်ခဲ့တယ်။ Kaymu မှာ ကျွန်မရသမျှ Overtime တွေ ဆင်းခဲ့တယ်။ တစ်ချို့ အပတ်တွေ နားရက်မရှိဘူး။ သကြ်န်သူများတွေ ဘယ်သူမှ အလုပ်မဆင်းချိန်မှာ ကျွန်မ ဆက်တိုက် အလုပ်လုပ်ခဲ့တယ်။
Comments
Post a Comment