လူဆိုတဲ့ သတ္တဝါဆိုတာ အစွဲအလန်းသိပ်ကြီးတတ်တယ်ဗျ။ ပြီးသွားတဲ့ ကိစလေးတွဆို ရင်ထဲ တနုံ့နုံ့ ခံစားလိုက်ရမှ။ အမှတ်တရ ဆိုရင် စာလေးရေးထားတဲ့ စာရွက်သေးသေးလေးကအစ အသက်မဲ့တာကြီး ကြည့်ပြီး ပြုံးလိုက်ရမှ။ လက်လေးနဲ့ထိ၊ ရုပ်ရှင်ကားတွေထဲကလို မျက်စိလေးမှိတ်၊ အတိတ်ကိုအလည်သွားပြီး စိတ်ဖြေလိုက်ရမှ။။။
အစွဲအလန်းကြီးလွန်းလို့ သေရင် ပြိတ္တာတွေ၊ သရဲတွေ၊ ဥစ္စာစောင့်တွေ ဖြစ်မဲ့ သူတွေထဲမှာ ကျွန်တော်က ထိပ်ဆုံးကပါတယ်။ ကျွန်တော်က ဘာမဆို အသေးစိတ်လေးက အစ သိပ်ကို မြတ်နိုးလွန်းတတ်သူကိုး။ အမှတ်တရတစ်ခုခုဆို နေ့ရက်ကအစ အချိန်ကအစ အရောင်ကအစ ယုတ်ဆွအဆုံးဗျာ အနံ့ကအစ မှတ်မိတတ်သူမို့ဗျ။
ငယ်ငယ်ကဆို ကိုယ်ခင်တဲ့ သူငယ်ချင်း၊ ကိုယ်ချစ်တဲ့သူတွေနဲ့ ပတ်သတ်လာရင် က ကြီးကနေ အ အထိ အမူအရာ၊ ဘာကြိုက်တတ်တယ်၊ ဘာလုပ်တတ်တယ်ဆိုတဲ့ အမူကျင့်ကစ အမှတ်ကြီးတတ်တယ်။ သူနဲ့စတွေ့တဲနေ့၊ အပျော်ဆုံးနေ့၊ လျောက်လည်တဲ့နေ့၊ အဲနေ့စွဲတွေကို စာအုပ်ထဲမှာ Calendar ဆွဲပြီး မှတ်ထားတာ။ ကိုယ်ခင်တဲ့သူပေးတဲ့ ပစ္စည်းတွေဆို တခုမကျန် သိမ်းထားတတ်တယ်။ ကိုယ်မြတ်နိုးတဲ့ အရာလေးတွေ သေးသေးလေးကအစသိမ်းထားတတ်တာ။ ဥပမာ- ငယ်ငယ်ကဆို စားခဲ့တဲ့ ချစ်စရာ ချိုချဉ်အခွံကအစ ဘောပင်ခဲတံထည့်တဲ့ ကွန်ဖာဘူးလေးထဲမှာ ခေါက်သိမ်းထားတတ်တာ။ ဗိုလ်ချုပ်အောင်ဆန်းမျက်နှာနဲ့့ ၅ ကျပ်တန်လေးတွေဆိုလည်း သဘောကျလွန်းလို့ သေချာခေါက်သိမ်းထားတတ်တာမျိုး။ မရှိလှ အရွက် ၂၀ လောက်ရှိမယ်။ ကြိုက်လွန်းလို့စုထားတာ။ အဲလောက်ထိ အသေးစိတ် မြတ်နိုးတတ်တဲ့သူပေ့ါဗျာ။
အခုတော့ သူပေးခဲ့တဲ့ အမှတ်တရ လေးတွေကို ကျွန်တော် ဘာလုပ်ပစ်ရမလဲ?
အတူတူရှိနေခဲ့တုန်းကတော့ သူပေးတဲ့ လက်ဆောင်လေးတွေဆို သေးသေးလေးလည်း တန်ဖိုးထားလိုက်တတ်တာ တုန်နေတာပဲ။ မှတ်မှတ်ရရ ကျွန်တော်တရုတ်ပြည်အလည်သွားတုန်း သုံးဖို့ US 100 တန် ၂ရွက်လေးကို စာအိတ်လေးနဲ့ ထည့်ပေးလိုက်တယ်။ စာအိတ်ပေါ်မှာ "ကုန်အောင် သုံးခဲ့နော်" -- ဆိုပြီး သူ့နာမည်လေးရေးထားတဲ့ စာရွက်လေးကို ပိုက်ဆံအိတ်ထဲ မှတ်ပုံတင်ဆောင်သလိုဆောင်တာ။ နေ့စဉ်နေ့တိုင်း ကံကောင်းစေတဲ့ လာဘ်ကောင်လေးလို သဘောထားပြီး ထုတ်ကြည့်တတ်တာဗျာ။ သူပေးမှ မဟုတ်ဘူး။ ကိုယ်ပေးမဲ့ ဘာမှငွေကြေးမတန်တဲ့ ပစ္စည်းလေးက အစ စာတစ်တန် ပေးတစ်တန်နဲ့ ရေးသားပြီး သေချာလေး ထုပ်ပိုးပေးလိုက်ရမှ။ မုန့်လေးဘာလေး လုပ်ကျွေးမယ်ဆိုလည်း သေချာလေး လှအောင် ပြင်ဆင်လိုက်ရမှဗျ။ အနုပညာတွေ ဆန်နေလိုက်တာ လွန်နေရော။
အစွဲအလန်းကြီးလိုက်ပုံများ။ ကျွန်တော့ဘီရိုမှာ သိပ်မဝတ်ဖြစ်တော့တဲ့ ကျွန်တော် သိပ်ကြိုက်တဲ့ Blouse အဝါလေးရှိတယ်။ အဲဒါလေးမြင်တိုင်း သူနဲ့ စတွေ့တဲ့နေ့က ဝတ်ခဲ့တာဆိုပြီး မှတ်မိနေလွန်းလို့ သိမ်းထားပေမဲ့ လုံးဝမ၀တ်တာကြာပေ့ါ။ ခရီးတွေထွက်ဖို့ ဆင်တူတွေ အရမ်းဖြစ်ချင်လွန်းတဲ့ သူ့အတွက် ဆင်တူတွေ ဝယ်ဝယ်ထားမိတဲ့ အဝတ်အစားတွေလည်း ရှိသေးတယ်။ အဲဒါတွေ မြင်တိုင်း လွမ်းမိနေတုန်း။
ပေါက်ပေါက်ရှာရှာဗျာ။ Samsung ဖုန်း Ringtone သံကြားရင်တောင် သူရဲ့Ringtone ဆိုပြီး သတိရတတ်သေးတာ။ သူနဲ့ဆင်တူ ကျွန်တော်လည်း ကြိုက်လွန်းလို့ ဝယ်ခဲ့တဲ့ ဖုန်းလေးထဲမှာ အမှတ်တရတွေ အများကြီးပဲ။ မဖျက်ပစ်ရက်လို့ ဘယ်လိုဖျက်ရမှန်းမသိ။ အဲဒိဖုန်းကို မသုံးတော့ဘဲ ချောင်ထိုးထားလိုက်တယ်။ မသုံးတော့လို့ အဲဒိဖုန်းကို ရောင်းပစ်မှာလားဆိုတော့လည်း မရောင်းရက်ခဲ့ပြန်ဘူး။ ဒီကြားထဲ Facebook ပေါ်မှာ မန်မိုရီ(Memory) တွေ တက်တက်လာရင် အသည်းကို ခိုက်နေတာပဲ။
ထားပါတော့ဗျာ။ ကျွန်တော် ဆက်ရေးနေရင်လည်း အရင်ကအကြောင်းတွေ တူးဆွလို့ တစ်ထောင့်တစ်ညပုံပြင်တွေဖြစ်ဦးမယ်။ ဆိုတော့ ပြောချင်တာက ကျွန်တော့လောက် နည်းနည်းနောနောမဟုတ်၊ အစွဲအလန်းတော်တော်ကြီးတတ်တဲ့ ဆိုက်ကိုတစ်ယောက်ရဲ့ အမှတ်တရတွေကို မျက်စိမြင်ရာထားရင် ရူးသွားမှာပေ့ါ။
ဆိုတော့ ကျွန်တော်... ဇာတ်သိမ်းမလှခဲ့တဲ့ သက်မဲ့အမှတ်တရတွေဆို ဖျက်ဆီးပစ်လိုက်ဖို့ပဲ ဆုံးဖြတ်လိုက်တယ်။ တစ်ချို့ ကို စွန့်ကြဲပစ်လိုက်တယ်။
ကျွန်တော်မှားလား? ကျွန်တော်မှန်လား?
အခုဖတ်နေတဲ့သူတွေကော ကျွန်တော့လို ဇာတ်သိမ်းမလှခဲ့ရင် အမှတ်တရတွေကို ဘာလုပ်တတ်လဲ?
Comments
Post a Comment