မန္တလေးက အချစ်ဦး


၂၀၂၁ အေပရယ် : 


အချိန်က မနက် နာရီ ထိုးခါနီး အိပ်မရလို့ တောင်စဉ်ရေမရ အတွေးတွေလွန်။ ဘာလို့ရယ် မသိ။ပိုင်ဆိုတဲ့ ကျွန်မအပေါ် သိပ်ကြင်နာတတ်တဲ့ သူအကြောင်း ခေါင်းထဲ ရောက်လာတယ်။ နှစ်တွေလည်း ကြာခဲ့ပါပြီ။ နှစ်လောက်ရှိရောပေါ့။ပိုင်နဲ့မေဆိုတဲ့ ချစ်သူ နှစ်ယောက်ရဲ့ ဇာတ်လမ်းလေးဟာ ဇာတ်သိမ်းမှာ မပေါင်းရပေမဲ့ လောကနိယာမတရားနဲ့ အညီ အနားသတ်ထားတဲ့ လှပသော ကဗျာတစ်ပုဒ်လို့ ရေးရမယ်ဆို မင်ကုန်တာ အဓိပ္ပါယ် ပိုပြည့်စုံလောက်ပါရဲ့။ အချိုးအကွေ့တွေ၊ အတိုက်အခိုက်တွေ အများကြီးကြားက အချစ်ဆိုတာ တကယ်ရှိပါလားလို့ တွေးမိရင်း ရုပ်ဆိုး အကြင်းတန်လွန်းတဲ့ အတိတ်တွေ ရှိခဲ့တာတောင် သူဟာ ကျွန်မ အချစ်ဦးရယ်လို့ ခေါ်တွင်စေ ဆိုတဲ့ စကားကို နှလုံးသားက အကြိမ်ကြိမ် ရွတ်ဆိုနေဆဲပေါ့။ 


၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်း : 


ကျွန်မ နာမည် မေဦးရှင်ပါ။ ပတ္တမြားမြေလို့ တင်စားခေါ်တဲ့ တောင်ပေါ်မြို့ လေးဖြစ်တဲ့ မိုးကုတ်မြို့ရဲ့ အနောက်ပိုင်းက မြို့ငယ် မိုးကုတ်မြို့အနောက်ပိုင်းလို့လည်း ခေါ်လို့ ရသလို ကျပ်ပြင်ရွာလို့လည်း ခေါ်ကြတဲ့ မြို့လေးမှာ ကြီးပါတယ်။ ရွာမကျ မြို့မကျပေါ့။ ဒါပေမယ့် ကျွန်မက မန္တလေးမှာ မွေးတာပါ။ မိုးကုတ်မှာပဲ တက္ကသိုလ်ဝန်ထမ်းကို သုံးဘာသာ ဂုဏ်ထူးနဲ့ အောင်ပြီး ဘာသာ ဂုဏ်ထူးအမှတ်က ၄၈၅ နဲ့ တော်တော်လေးကို ကောင်းပါတယ်။ ကျွန်မနေတဲ့ ကျောင်းက တစ်ချို့ ငါးဘာသာ ဂုဏ်ထူးထက်တောင် အမှတ်များသလို အဲနှစ်က ယောက်ျားလေးဆေးကျောင်းအမှတ်ထက်တောင် များပါတယ်။ မိန်းကလေးဆေးကျောင်းတစ်ခုပဲ မမှီပေမယ့် အမှတ်မြင့်ကျောင်းတွေ အားလုံးမှီပါတယ်။ ကျွန်မကတော့ ဆေးဝါးသိပ္ပံဆိုတာလည်း စိတ်မဝင်စားသလို အင်ဂျင်နီယာကျောင်းဆိုတာလည်း စိတ်မပါပါဘူး။ ကျွန်မ မိဘတွေက ဘာတွေ ဖြစ်စေချင်လဲ မမှတ်မိပေမယ့် ကလန်ကဆန်လုပ်ပြီး ကျွန်မစိတ်ဝင်စားတဲ့ နိုင်ငံခြားဘာသာ တက္ကသိုလ် အဂ်လိပ်ဘာသာကိုပဲ ရွေးချယ်ခဲ့ပါတယ်။ မိဘနဲ့ ကတောက်ကဆ ဖြစ်ခဲ့ပေမယ့် ကျွန်မရွေးချယ်မှူဟာ ကျွန််မအတွက်ကော ကျွန််မ မိသားစုအတွက်ပါ အမှန်ကန်ဆုံးဖြစ်ခဲ့ပါတယ်။ 


တက္ကသိုလ်ရောက်ပြီး ဒုတိယနှစ်မှာ ကျွန်မ နဲ့သူနဲ့ စတွေ့ပါတယ်။ ကဗျာတွေ စာတွေ ဖွဲ့ဖွဲ့နွဲ့နွဲ့ ရေးတတ်တဲ့ အရွယ်ပေါ့။ ကျွန်််မက အရာရာကို လေးလေးနက်နက် တွေးတတ်တဲ့ ရင့်ကျက်ချင်ယောင် ဆောင်ထားတဲ့ ချာတိတ်တစ်ယောက်လေ။ ဆံပင်က ခါးကျော်လောက်ထိ အရှည်ထားပြီး ထူပိန်း နက်မှောင်နေတဲ့ အဲဒိဆံပင်တွေကို ညှပ်ပစ်လိုက်ရမှာ သိပ်နှမြောပြီး ဘာမှ မပြင်ဆင်ဘဲ ထားတတ်တဲ့ ရိုးတဲ့ ကောင်မလေးတစ်ယောက်လို့ ပြောလို့ရတာပါပဲ။ အလှအပတော့ သိပ်ကြိုက်တာ။ ရှိတာလေးနဲ့ လှအောင် ပြင်တယ်။ ကျွန်မရဲ့ မျက်ဝန်းတွေက မျက်နှာတစ်ခုလုံးမှာ အလှဆုံးအပိုင်းလို့ ပြောကြတယ်။ ဝိုင်းစက်ပြီး မဲနက်နေတဲ့ မျက်ဝန်းတွေကို ကျွန်မ သိပ်ချစ်တာပဲ။ ညာဘက်မျက်ဆံထဲမှာ မဲ့လိုလို အမဲစက်လေးပါနေတာကို လူတွေသတိမထားမိတဲ့ ထူးခြားချက်ပေါ့။ နှာခေါင်းလုံးလုံးလေး၊  နှုတ်ခမ်းက မထူမပါးနဲ့ ဘယ်ဘက်နားမှာ နှာခမ်းသွေးကြောထုံးလို့ ခွဲစိတ်ထားတဲ့ အမှတ်တရ အကြိတ်လိုလို အလုံးလေးရှိနေတယ်။ မျက်နှာက ခပ်ဝိုင်းဝိုင်းနဲ့ ချစ်စရာကောင်းတဲ့ မိန်းကလေးတစ်ယောက်ပေါ့။ အထက်က အမ မဝတ်ပဲ ထားတဲ့ အဝတ်အစားလှလှ လေးတွေနဲ့ဆို ကျွန်မနဲ့ သိပ်လိုက်ဖက်တာပဲ။ စာကြိုးစားပြီး ကျောင်းသိပ်မပြေးတဲ့ လူလိမ္မာလေးလို့လည်း ပြောလို့ရပါတယ်။ပိုင်စိုးအောင်ဆိုတဲ့ ဆေးကျောင်းသားလေးနဲ့ မတွေ့ခင်ပေါ့လေ။ 


တစ်ချိန်မှာပိုင်ရယ်လို့ ဖြစ်လာမယ့် သူက ဆေးကျောင်း ပထမနှစ် နှစ်ခါပြန်တက်နေတယ်လို့ သိရတယ်။ အသားက မန္တလေးက အမရပူရသားပီပီ ခပ်ညိုညို၊ နှာတံ ခပ်စင်းစင်း၊ သူ့မျက်စံတွေက အညိုလိုလို အမဲလိုလို၊ နှုတ်ခမ်းမွှေးရေးရေး၊ နှုတ်ခမ်းက ထူထူလေ:။မျက်နှာပေါက်က နည်းနည်းလေးထောင့်ဆန်တယ်။ မျက်ခုံးမွှေးက တော်တော်ထူတယ်၊ အရပ်က မနိမ့်မမြင့်၊ ကိုယ်လုံးကိုယ်ထည်ရှိတယ်။ သူ ခန္တာကိုယ်တစ်ခုလုံးမှာ နောက်ထပ်သတိထားမိတာက သူ့ရဲ့ လက်မောင်းနဲ့ ရင်ဘတ်ပေါ်မှာ ဆက်နေတဲ့ ထင်ထင်ရှားရှား တက်တူးပေါ့။


ပထမဆုံးသူနဲ့ တွေ့တဲ့ နေ့ကို ကျွန်မ မမေ့ပါဘူး။ မှတ်မှတ်ရရ ကျောင်းကန်တင်းမှာ သူကျွန်မကို လာတွေ့တော့ ရေနွေးကြမ်းခွက်လေးထဲကို စိတ်ရှည်လက်ရှည် ရေနွေးငဲ့ပေးတာလေး။ ကျောင်းက ကန်တင်းခုံပုလေးမှာ သူက ကျွန်မရဲ့ ဘေးတစ်စောင်းလောက်မှာ ထိုင်တယ်။ သူနဲ့ ကျွန်မကို မိတ်ဆက်ပေးတဲ့ နုနုက ကျွန်မဘေးမှာ အသံလေး စာစာစာစာနဲ့ တက်ကြွနေလိုက်တာ။ မှတ်မှတ်ရရ ကျွန်မအဲနေ့က ပန်းရောင် ဆွယ်တာလေးရယ် ခရမ်းရောင် ရင်ဖုံးလေးရယ် ကျောင်းထမီအပြာလေးရယ် မလိုက်မဖက်တွေ တွဲဝတ်ထားလေရဲ့။ သူကျောင်းကို လာပြီး ကျွန်မကို တွေ့ရတဲ့အကြောင်းရင်းက သူလေ့လာနေတဲ့ အဂ်လိပ်စာအုပ်ကို ကျွန်မကို ငှါးဖို့ လာပေးတာလေ။ အဲစာအုပ်အကြောင်း ဆွေးနွေးကြ စကားပြောကြနဲ့ အမှတ်ရစရာ ထူးထူးခြားခြားမရှိပေမဲ့ အဲဒိနေ့ဟာ ကျွန်မ မှတ်ဉာဏ်ထဲမှာ ခုထိ ရှိနေဆဲပါ။ နောက်မှ သိရတာက သူကျွန်မကို ငှါးပေးတဲ့ စာအုပ်ဟာ နုနုရဲ့ စာအုပ်။ ကျွန်မကို ချဉ်းကပ်ဖို့ ဇာတ်လမ်းလေးတွေ ဆင်တာပေါ့လေ။ အဲဒိစာအုပ်လေးက အစပြုခဲ့တာ။ သူ့ စာအုပ်လို့ တကယ်ထင်အောင် သူ့လက်ရေးနဲ့ ဘာတွေမှန်းမသိ ရေးထားတဲ့ စာတွေပါတဲ့ စာအုပ်လေးကို ကျွန်မခုချိန်ထိ မဖတ်ဖြစ်တော့ပေမဲ့ သိမ်းထားတုန်းပါ။ 


သူနဲ့ ကျွန်မ ချစ်သူဖြစ်ဖို့ လမ်းကြောင်းက ထင်သလောက် မဖြောင့်ဖြူးခဲ့ပါဘူး။ ချစ်သူမဖြစ်ခင်ကို အဖုအထစ်လေးလေးတွေ ရှိခဲ့တယ်။ ရင်ဖိုစရာတော့ ကောင်းပါရဲ့။ စစချင်းတော့ ကျွန်မသူ့ကို စိတ်မဝင်စားခဲ့ဘူး။ သူ ကျွန်မကို ဖွင့်ပြောတဲ့နေ့မှာ ဘယ်လိုနေရမယ်မသိ တုန်လှုပ်ခဲ့တယ်။ ချစ်သူ မထားချင်ဘူး၊ သူငယ်ချင်းလိုပဲ နေချင်တယ်လို့ ပြောပြီး ငြင်းခဲ့ပါတယ်။  သူက လက်မလျော့ပါဘူး။ ကျွန်မကို နေ့တိုင်း ဖုန်းဆက်တယ်။ ကျွန်မ မကိုင်မချင်း ခေါ်တတ်တယ်။ ကျွန်မ သူနဲ့ ဖုန်းတွေ အကြာကြီး ပြောဖြစ်တယ်။ ဒါပေမယ့် ကျွန်မသူ့ကို ရင်မခုန်သေးဘူး။ စိတ်ကူးလည်း မယဉ်မိသေးဘူး။ ချစ်သူအဖြစ်နဲ့ စဉ်းစားသင့်တဲ့ ယောက်ျားလေးတစ်ယောက်လို့ မြင်လို့သာ လက်ခံစကားပြောနေတာပဲ ရှိတာပါ။ 


ဒီလိုနဲ့ နေ့တိုင်း စကားတွေပြောရင်း တနေ့တခြား သံယောဇဉ်တွေတိုးလို့ ကြင်နာတတ်လွန်းတဲ့ သူ့အပေါ် စိတ်ယိုင်ခဲ့မိတယ်။ 


ကျွန်မ သူ့ကို ရင်ခုန်မိတဲ့ ပထမဆုံး အခိုက်အတန့်လေးကို ခုပြန်တွေးတောင် ပြုံးမိနေပါသေးတယ်။  အဲဒိနေ့က ကျွန်မတို့ နိုင်ငံခြားဘာသာ တက္ကသိုလ်က သူငယ်ချင်းတွေရယ်၊ သူတို့ ဆေးတက္ကသိုလ်က သူငယ်ချင်းတွေရယ် စုပြီး အမရပူရကို သွားလည်ကြတယ်။ သူ့သူငယ်ချင်းရဲ့ ကားနဲ့ပေါ့။ ကားနောက်ခန်းမှာ သူက ကျွန်မဘေးမှာ နေရာယူတယ်။ ဆယ်ကျော်သက်အရွယ် ရည်းစားတစ်ခါမှ မထားဖူးဘူး။ ဘယ်ယောက်ျားလေးနဲ့ မှ ရင်းရင်းနှီးနှီး နီးနီးကပ်ကပ်မနေဖူးတဲ့ သူတစ်ယောက်အတွက် ကိုယ့်ကို ကြိုက်နေတဲ့ ယောက်ျားလေးနဲ့ နီးနီးကပ်ကပ်နေရတာ ဘယ်လောက်  ရင်တွေ တလပ်လပ်ဖြစ်နေမလဲ စဉ်းစားကြည့်လေ။ သူ့ရဲ့ လက်တံအရှည်ကြီးကို ကျွန်မပုခုံးနားကို သိုင်းပြီး ကားဆိုဖာပေါ်မှာ တင်ထားတယ်။ ကျွန်မ စိတ်ထဲ လုံခြုံသွားသလိုခံစားရတယ်။ ကိုယ်ချစ်တဲ့ မိန်းကလေးတွေကို ကာကွယ်ပေးချင်တဲ့ စရိုက်ရှိတဲ့ ယောက်ျားလေးတစ်ယောက်လို့ ခံစားရတယ်။ သူ့ရဲ့ လက်မောင်းကြွက်သား နွေးနွေးလေးတွေက ကျွန််မ ပုခုံးကို လာထိသလို သူ့ရဲ့ ရင်ခွင်နဲ့ ကျွန််မဟာ စင်တီမီတာလောက်ပဲ ဝေးတော့တယ်။ ဖြစ်ချင်တော့ ကျွန်မက ကားနည်းနည်း မူးတတ်တော့ သူအဲလို သိုင်းပေးထားတာကိုက ကျွန်မကို သက်သောင့်သက်သာ ဖြစ်စေတယ်။ သူ့ဘေးနား ကပ်နေရတာသာ နွေးနေတာပါ။ ကျွန်မက သူ့ဘေးမှာ အေးခဲနေသလို တောင့်တောင့်ကြီး။ လှုပ်လိုက်တာနဲ့ သူ့ရင်ခွင်နဲ့ တန်းရောက်သွားမှာလေ။ ရင်ခုန်စရာ အခိုက်အတန့်က ဒါတင် မဟုတ်သေးဘူး။ 


လက်ကို အပ်စူးသွားတယ်ဆို၊ တော်တော်နာသွားသေးလားတဲ့။ စိုးရိမ်ပြီး နွေးထွေးတဲ့ အသံနဲ့မေးပြီး ကျွန်မ လက်ကလေးကို ကိုင်ကြည့်တယ်။ 


လက်ကိုဘာလို့ အပ်စူးတာလဲဆိုတာ ပြောပြရဦးမယ်။ ချစ်သူများနေ့ နီးလာတော့ နုနုက သူ့ချစ်သူအတွက်ရယ် သူ့( ပိုင်စိုးအောင်) အတွက်ရယ် လက်ဆောင်လုပ်ပေးဖို့ ပြင်တယ်လေ။ သူနဲ့ နုနုက မောင်နှမလို အရမ်းချစ်ကြ ခင်ကြတာ။ နုနုက သူ့အတွက် ဖုန်းထည့်တဲ့ အိတ်ကလေးပေါ်မှာ သူ့နာမည်ကို အပ်ချည်နဲ့ ထိုးလို့ရတဲ့ ဟာလေး ပြင်ဆင်ထားတယ်။ နုနုက သူ့ချစ်သူကို ပေးဖို့ လက်ဆောင်အတွက် အလုပ်ရှုပ်နေမှာမို့ အဲဒါလေး ကူထိုးပေးပါဆိုတာနဲ့ ကျွန်မလည်း လုပ်ပေးဖြစ်သွားတယ်။ အဲဒါနဲ့ အပ်စူးသွားတယ်ဆိုပါတော့။ ကျွန်မ အချိန်တွေအကြာကြီး ထိုးပေးထားတဲ့ အဲဒိအိတ်လေး သူ့ဆီမှာ ရှိပါဦးမလား။ အချိန်တွေလည်း ကြာခဲ့ပါပြီလေ။ သူလည်း မေ့မေ့ပျောက်ပျောက် သိမ်းထားချင်မှ သိမ်းထားတော့မှာပါ။ 


အပ်စူးတဲ့အကြောင်းပြန်ဆက်ရမယ်ဆို သူ့အမေးကို ကျွန်မလက်လေး ရုန်းထွက်ပြီး ဘာမှမဖြစ်တော့ပါဘူးလို့ ပြန်ပြောလိုက်တယ်။ ဒီလိုနဲ့ ကားပေါ်မှာ စကားပြောလိုက်လာကြရင်း အမရပူရရောက်ကြတယ်။ အကြော်ဆိုင်လေးမှာ ထိုင်ကြရင်း နားကြတယ်။ ကျွန်မက ကားမူးပြီး အန်ချင်နေတော့ ဂရုတစိုက်နဲ့ သံပရာရည်တိုက်လိုက် အမူးပြေအောင် ဘာလုပ်ပေးရမလဲ မေးလိုက်နဲ့ ဂရုစိုက်ရှာပါတယ်။ အဲဒိနေ့လေးကတော့ ကျောင်းပြေးပြီး ကျွန်မသူနဲ့ ပထမဆုံး လျောက်လည်ဖူးတာပါ။ 


နောက်တစ်ကြိမ် ထပ်တွေ့ကြတာက ကာရာအိုကေ သွားဆိုကြတာ။ အားလုံး အုပ်စုလိုက် မန္တလေးပလာဇာနားက ကေတီဗွီမှာ။ ကျွန်မက အဆိုသိပ်ဝါသနာပါတော့ ပျော်စရာသိပ်ကောင်းတာပဲ။ မှတ်မှတ်ရရ ဆလင်းဒီယွန်ရဲ့ My Heart will go on သီချင်းကို သူ့ရှေ့မှာ ဆိုခဲ့တာပဲ။ အချိန်ပြည့်လို့ အားလုံးပြန်သွားတဲ့အချိန် တစ်ယောက်တည်းကျန်ခဲ့တဲ့ ကျွန််မကို စိတ်ရှည်ရှည်နဲ့ စောင့်ခေါ်ပေးခဲ့တာကိုလည်း အများကြီး အမှတ်ပေးလို့ ရပါတယ်။ 

 

ဒုတိယနှစ် စာမေးပွဲပြီးလို့ နွေရာသီကျောင်းပိတ်ရက်မှာတော့ ကျွန်မ ရန်ကုန်မှာ ကျွန်မရဲ့ အမ ဖြစ်သူ မိသားစုအိမ်မှာ သွားနေကျပါ။ သူ ကျွန်မကို အမြဲတမ်းလိုလို ဖုန်းဆက်ပါတယ်။ ကျွန်မကလည်း သူ့ကို နည်းနည်းလေး စိတ်ဝင်စားစ ပြုလာပြီ။ ကျွန်မတို့ ခေတ်က ယောက်ျားလေးတစ်ယောက် ချဉ်းကပ်လာရင် အချိန်အကြာကြီး စောင့်ပြီးမှ အဖြေပေးတတ်တာမလား။ ကျွန်မသူ့ကို အကြာကြီး စောင့်ကြည့်တာ မမှန်ဘူးထင်တာပဲလေ။ အချိန်တွေ ကြာလာတာနဲ့ အမျှ ကျွန်မ စိတ်ကူးယဉ်တတ်လာတယ်။ စိတ်တွေလည်း ယိုင်လာတယ်။ သူ ဖုန်းဆက်မဲ့ အချိန်ကို စောင့်နေတတ်ပြီ။ သူနဲ့ အွန်လိုင်းပေါ်မှာ စကားပြောနေရတာကိုလည်း ပျော်နေမိပြီ။ မှတ်မှတ်ရရ သကြ်န်တွင်းမှာ ဖုန်းတွေ ပြောလိုက်ကြတာ။ နာရီလောက် ထိုးသွားတဲ့အထိပဲ။ သူနဲ့ စကားပြောရမယ်ဆို ပြောစရာတွေက မကုန်နိုင် မခမ်းနိုင်ပါပဲ။ 


ကျောင်းတွေ ပြန်ဖွင့်တော့ ကျွန်မတို့ ပုံမှန်စကားဆက်ပြောဖြစ်ခဲ့ကြပါတယ်။ ကျွန်မက အက၀ါသနာပါတော့ Sea Game အကမှာ Training တွေ ကျောင်းပြီးရင် တက်ခဲ့တယ်။ 


မှတ်မှတ်ရရ သူ ကျွန်မကို ပြောဖူးတယ်။ ကျွန်မအတွက်ဆို သူ သေတောင်သေရဲတယ်တဲ့။ မယုံကြည်ခဲ့ပေမယ့် သူဟာ ကျွန်မအတွက်ဆို ဘာမဆို လိုတရ လုပ်ပေးခဲ့တဲ့ ချစ်သူ တစ်ဦးဖြစ်ခဲ့တယ်ဆိုတာပါပဲ။ 

Comments