လူဆိုတဲ့ သတ္တဝါဆိုတာ အစွဲအလန်းသိပ်ကြီးတတ်တယ်ဗျ။ ပြီးသွားတာလေးဆို ရင်ထဲ တနုံ့နုံ့ ခံစားလိုက်ရမှ။ သူပေးခဲ့တဲ့ စာရွက်လေးဆိုပြီး အသက်မဲ့တာကြီး ကြည့်ပြီး ပြုံးလိုက်ရမှ။ လက်လေးနဲ့ထိ၊ ရုပ်ရှင်ကားတွေထဲကလို မျက်စိလေးမှိတ်၊ အတိတ်ကိုအလည်သွားပြီး စိတ်ဖြေလိုက်ရမှ။။။
ကျွန်တော်ကတော့ဗျာ... ဇာတ်သိမ်းမလှခဲ့တဲ့ သက်မဲ့အမှတ်တရတွေဆို ဖျက်ဆီးပစ်လိုက်တာပဲ။ မဖျက်ဆီးပစ်ရက်ရင် သူများကို စွန့်ကြဲပစ်လိုက်တာချည်းပါပဲ။ အကြောင်းအရင်းကတော့ဗျာ.. ကျွန်တော်က ဘာမဆို အသေးစိတ်လေးက အစ သိပ်ကို မြတ်နိုးလွန်းတတ်သူကိုး။ အမှတ်တရတစ်ခုခုဆို နေ့ရက်ကအစ အချိန်ကအစ အရောင်ကအစ ယုတ်ဆွအဆုံးဗျာ အနံ့ကအစ မှတ်မိတတ်သူမို့ဗျ။
အစွဲအလန်းကြီးလွန်းလို့ သေရင် ပြိတ္တာတွေ၊ သရဲတွေ၊ ဥစ္စာစောင့်တွေ ဖြစ်မဲ့ သူတွေထဲမှာ ကျွန်တော်က ထိပ်ဆုံးကပါတယ်။ ငယ်ငယ်ကဆို ကိုယ်ခင်တဲ့ သူငယ်ချင်း၊ ကိုယ်ချစ်တဲ့သူတွေနဲ့ ပတ်သတ်လာရင် က ကြီးကနေ အ အထိ အမှတ်ကြီးတတ်တယ်။ သူနဲ့စတွေ့တဲနေ့၊ အပျော်ဆုံးနေ့၊ လျောက်လည်တဲ့နေ့၊ အဲနေ့စွဲတွေကို စာအုပ်ထဲမှာ Calendar ဆွဲပြီး မှတ်ထားတာ။ ကိုယ်ခင်တဲ့သူပေးတဲ့ ပစ္စည်းတွေဆို တခုမကျန် သိမ်းထားတတ်တယ်။ ကိုယ်မြတ်နိုးတဲ့ အရာလေးတွေ ချိုချဉ်အခွံကအစ ကွန်ဖာဘူးလေးထဲမှာ ခေါက်သိမ်းထားတတ်တာ။ ဗိုလ်ချုပ်အောင်ဆန်း ၅ ကျပ်တန်လေးတွေဆိုလည်း သေချာခေါက်သိမ်းထားတာ။ မရှိလှ အရွက် ၂၀ လောက်ရှိမယ်။ ကြိုက်လွန်းလို့စုထားတာ။
တကယ်တော့ သက်မဲ့က သက်မဲ့ပဲဆိုပေမဲ့ ခံစားရတာ ရင်ဘတ်ကြီးနဲ့ဗျ။ ကိုယ့်စိတ်ကို ကိုယ်ကိုယ်တိုင် ဖြေဖျောက်တတ်ရမှာမဟုတ်လားဗျာ။ ချစ်တုန်းကတော့ သူပေးတဲ့ လက်ဆောင်လေးတွေဆို သေးသေးလေးလည်း တန်ဖိုးထားလိုက်တတ်တာ တုန်နေတာပဲ။ မှတ်မှတ်ရရ ကျွန်တော်တရုတ်ပြည်သွားဖို့ ဒေါ်လာလေးထည့်ပေးလိုက်တုန်းက ပိုက်ဆံကုန်အောင် သုံးပါလို့ရေးထားတဲ့ လက်ရေးစာလေးဆို ပိုက်ဆံအိတ်ထဲ မှတ်ပုံတင်ဆောင်သလိုဆောင်တာ။ နေ့စဉ်နေ့တိုင်း ကံကောင်းစေတဲ့ လာဘ်ကောင်လေးလို သဘောထားပြီး ထုတ်ကြည့်တတ်တာဗျာ။ သူပေးမှ မဟုတ်ဘူး။ ကိုယ်ပေးမဲ့ ဘာမှငွေကြေးမတန်တဲ့ ပစ္စည်းလေးက အစ စာတစ်တန် ပေးတစ်တန်နဲ့ ရေးသားပြီး သေချာလေး ထုပ်ပိုးပေးလိုက်ရမှ။ မုန့်လေးဘာလေး လုပ်ကျွေးမယ်ဆိုလည်း သေချာလေး လှအောင် ပြင်ဆင်လိုက်ရမှဗျ။ အယ်စတဲ့တစ်(aesthetic) ဖြစ်လွန်းလိုက်တာလည်း လွန်နေရော။
အစွဲအလန်းကြီးလိုက်ပုံများ။ ကျွန်တော့ဘီရိုမှာ သိပ်မဝတ်ဖြစ်တော့တဲ့ ကျွန်တော် သိပ်ကြိုက်တဲ့ Blouse အဝါလေးရှိတယ်။ အဲဒါလေးမြင်တိုင်း သူနဲ့ စတွေ့တဲ့နေ့က ဝတ်ခဲ့တာဆိုပြီး မှတ်မိနေလွန်းလို့ လုံးဝမ၀တ်တာကြာပေ့ါ။ ခရီးတွေထွက်ဖို့ ဆင်တူတွေ အရမ်းဖြစ်ချင်လွန်းတဲ့ သူ့အတွက် ဆင်တူတွေ ဝယ်ဝယ်ထားမိတဲ့ အဝတ်အစားတွေဆိုလည်း အလုပ်သမားတွေကို ပေးပစ်လိုက်တယ်။ ပေါက်ပေါက်ရှာရှာဗျာ။ Samsung ဖုန်း Ringtone သံကြားရင်တောင် သူရဲ့Ringtone ဆိုပြီး သတိရတတ်သေးတာ။ အတူရှိနေတုန်း သုံးခဲ့တဲ့ ကျွန်တော်ကြိုက်လွန်းလို့ ဝယ်ခဲ့တဲ့ ဖုန်းလေးဆိုလည်း အမှတ်တရတွေ ဘယ်လိုဖျက်ရမှန်းမသိ။ မသုံးတော့ဘူး။ ဒီကြားထဲ Facebook ပေါ်မှာ မန်မိုရီ(Memory) တွေ တက်တက်လာရင် အသည်းကို ခိုက်နေတာပဲ။
ထားပါတော့ဗျာ။ ကျွန်တော် ဆက်ရေးနေရင်လည်း အရင်ကအကြောင်းတွေ တူးဆွလို့ တစ်ထောင့်တစ်ညပုံပြင်တွေဖြစ်ဦးမယ်။ ဆိုတော့ ပြောချင်တာက ကျွန်တော့လောက် နည်းနည်းနောနောမဟုတ်၊ အစွဲအလန်းတော်တော်ကြီးတတ်တဲ့ ဆိုက်ကိုတစ်ယောက်ရဲ့ အမှတ်တရတွေကို မျက်စိမြင်ရာထားရင် ရူးသွားမှာပေ့ါ။ ဆိုတော့.... ကျွန်တော် အကုန် ဇာတ်သိမ်းပစ်လိုက်တာ မလွန်ပါဘူးဗျာ။
#ကျွန်တော်နှင့်တစ်ထောင့်တစ်ညအမှတ်တရများ
Comments
Post a Comment