မြန်မာဝတ်စုံလေးတွေကို မြတ်မြတ်နိုးနိုး ဝင့်ဝင့်ကြွားကြွား အမြဲဝတ်ဆင်ခဲ့ဖူးတဲ့ မေ ဆိုတဲ့ အရင်က ကျွန်မ ကို ကိုယ်မ လွမ်းတယ်။
သနပ်ခါးကို ဂုဏ်ရှိရှိ လိမ်းခြယ်ဖူးတဲ့ ကျွန်မကိုယ် ကျွန်မ သတိရတယ်။
ကိုယ်လုပ်နေတာ ကိုယ်လေးစားသက်ဝင်ဖူးတဲ့ မေ ဆိုတဲ့ ကျွန်မရဲ့ အတိတ်ဘဝကို လွမ်းတယ်။
ယုံကြည်ရာကို လျောက်ဖို့ မတွန့်ဆုတ်ဖူးတဲ့ ရဲရင့်တက်ကြွတဲ့ ကျွန်မကိုယ် ကျွန်မ သတိရတယ်။
အလှဆုံး အပြုံးပန်းတစ်ပွင့်ကို ဘယ်အချိန်မဆို ပန်ဆင်ထားနိုင်တဲ့ မေ ဆိုတဲ့ ကျွန်မကိုယ် ကျွန်မ တမ်းတမိတယ်။
ဘဝကို ဘာကြုံကြုံ တစ်ယောက်ထဲ ရင်ဆိုင်ရဲတဲ့ စိတ်ဓာတ်ခိုင်မာတဲ့ကျွန်မ မေ သူ့ကို လွမ်းတယ်။
ကျွန်မ တမ်းတမိတဲ့ကျွန်မ။ ကျွန်မ ပြန်လိုချင်မိတဲ့ ကျွန်မရဲ့ အကြောင်းအရာ။နောက်ဘာရှိသေးလဲ။ အများကြီး အများကြီးပဲ။ ကွျွန်မ အရင်က ကျွန်မ မဟုတ်ဘူး။
မိုးလင်းကနေ ညထိ ဘာလုပ်လုပ် အဆင်မပြေသလို ခံစားရတယ်။
အသေးအမွားကိစ္စလေးတောင် ဒေါသ လွယ်လွယ် ထွက်ပြီး သည်းမခံတတ်တော့ဘူး။
ည ညဆို မအိပ်တဲ့ အကျိုးစက်တွေပေ့ါ။
ဘာကိုမြင်မြင် ရိုက်ထုပစ်ချင်တဲ့ ဖျက်ဆီးပစ်ချင်တဲ့စိတ်အပြည့်နဲ့ နေ့တစ်နေ့ကို အမြဲစတင်တယ်။
အားအင်မရှိတဲ့ အိပ်မှုန်စုတ်ဖွားပုံစံနဲ့ ကျွန်မရဲ့ မနက်ခင်းတိုင်းဟာ ဘာမှန်းကိုမသိဘူး။ အဓိပါ္ပယ်လည်းမရှိဘူး။
ဘယ်သူ့ကိုမဆို စိတ်တိုင်းမကျရင် အော်လိုက် ပြောလိုက်ရမှ စိတ်ထဲနေသာထိုင်သာရှိသွားတာ။
ဘာလုပ်လုပ် စိတ်လည်းမပါဘူး။ ဘာမှလည်းမလုပ်ချင်ဘူး။ ဘာလုပ်လုပ် ဘာမှ ဖြစ်လာမှာမဟုတ်ဘူးလို့ ထင်နေတဲ့စိတ်တွေ။ ဘာကိုကြည့်ကြည့် မှောင်မိုက်နေတာပဲ။
ကိုယ့်ကိုယ်ကိုယ်လည်း မှန်ထဲ ကြည့်တိုင်း သဘောမကျဘူး။ မုန်းတယ်။ ကျွန်မရုပ်ကို မုန်းတယ်။
ကျွန်မ မျက်နှာမှာ ကျွန်မ အကြိုက်ဆုံး အစိတ်အပိုင်းဖြစ်တဲ့ မျက်လုံးလေးဟာဆိုရင် အမြဲဝါးတားတားဖြစ်နေလို့ မုန်းတယ်။ အရင်လို ကြင်ကြင်လင်လင်မရှိတော့လို့မုန်းတယ်။
တနေ့တစ်နေ့ရှင်သန်နေရတာ ငါ ဘယ်အချိန် သေမလဲ ဆိုတဲ့စိတ်တွေနဲ့ ဘဝကြီးက သေမဲ့ နေ့ကို စောင့်နေရသလိုပဲ။
ဘာကိုမှလည်းမယုံကြည်တော့ဘူး။ ကျွန်မစိတ်တွေ မူမမှန်ဘူး။ အတွေးတွေလည်းမမှန်ဘူး။
လူတွေကို အကောင်းမမြင်ဘူး။ လူတွေကို ကြည့်လို့မရဘူး။
ပျော်ရွှင်နေတဲ့ လူတွေကို ကြည့်လို့မရဘူး။
ကိုယ့်ကိုယ်ကိုယ်သတ်သေတာ မကောင်းဘူးတဲ့။
ကျွန်မ ကိုယ်တိုင် တွေးနေတဲ့ အတွေးတွေ ကျွန်မနေ့တိုင်း လုပ်နေတဲ့ အလုပ်တွေ ကျွန်မ ခံစားနေရတဲ့ ဝေသနာတွေ ဒါတွေအားလုံးက ကျွန်မကို အသက်တိုအောင် မြန်မြန်တိုအောင် တွန်းပို့နေတာ။
ကိုယ့်ကိုယ်ကိုယ် သတ်သေတာတော့ မဟုတ်ဘူး။
သေအောင်လို့ တဖြည်းဖြည်း ညည်းဆဲနေတာ။
လူတစ်ယောက်ကို စောင့်ရတာလည်း ေမောပါတယ်။
ကျွန်မဘေးမှာ လူတစ်ယောက်လောက်ရှိရင် သိပ်ကောင်းမယ်။
ကျွန်မကိုယ်တိုင်ကလည်း လောဘသိပ်ကြီးတယ်။
လူတစ်ယောက်ထဲ။
ဒါပေမယ့် သူက ကျွန်မအတွက် အမြဲ သူငယ်ချင်းကောင်းဖြစ်နေရမယ်။
ဒီခေတ်ကြီးမှာ မလွယ်ပါဘူးလေ။
ကျွန်မ ကိုယ်တိုင်ကကော လူတွေအပေါ်မှာ သူငယ်ချင်းကောင်း ပီသအောင် နေနိုင်လို့လား။
အခု အချိန်က ကျွန်မ ဘဝရဲ့ အဆိုးဝါးဆုံး ဂြိုလ်ဆိုး ဝင်တဲ့ အချိန်။
ဘဝရဲ့အောက်ဆုံးကို ရောက်နေတဲ့အချိန်။
ဘယ်သူ့ကို အားကိုးရမှန်းလည်းမသိဘူး။
ကိုယ့်ကိုယ်တိုင် တစ်ယောက်တည်းလည်းမရပ်တည်နိုင်ဘူး။
ဘယ်သူ့ကိုမှလည်း အသနားခံပြီး ရှိနေပေးပါ နေပေးပါ အားပေးပါလို့မတောင်းဆိုချင်ဘူး။
တကယ် ဂရုစိုက်တဲ့သူ စစ်မှန်တဲ့သူက ပြောစရာမလိုဘဲ သိနေရမှာလေ မဟုတ်ဘူးလား။
တနေ့တနေ့ ကျွန်မ ဘာတွေ တွေးနေမှန်းမသိဘူး
ဘာမှလည်းမဟုတ်ဘူး။
ဖြစ်ချင်တာတွေ တွေးတယ် လုပ်သင့်တယ် မလုပ်သင့်ဘူးတွေးတယ်။
မလုပ်သင့်တာတွေ လုပ်ပြီးရင်နောင်တရတာတွေ တွေးတယ်။
ပြီးရင် စိတ်ထိုင်ညစ်မယ်။
စိတ်ဓာတ်ကျမယ်။
ထိုင်ငိုမယ်။
ဘယ်သူမှ မရှိဘူးဆိုပြီး အားငယ်မယ်။
ရူးသွပ်ဖို့ အဆင့်တစ်ဆင့်သာ လိုတော့တယ်။
အရင်ကတော့ သေချင်တယ် ဆိုတဲ့ အတွေးမျိုး
ရူးချင်တဲ့ ဆိုတဲ့ အတွေးမျိုး တွေးဖြစ်တယ်။
ရူးလိုက်ဖို့ စဉ်းစားဖူးတယ်
သေလိုက်ဖို့ စဉ်းစားဖူးတယ်။
အခုလို စိတ်သွားတိုင်း ကိုယ်မပါဘဲ မမာမကျန်းဖြစ်နေတဲ့ အချိန်
ကိုယ့်ကို တကယ် စိတ်ပါလက်ပါ ပြုစုပြီး နားလည်မဲ့သူမရှိတဲ့အချိန်
သေဖို့ မပြောနဲ့ အသက်တောင် မကြီးချင်သေးဘူး။
ရူးဖို့ မပြောနဲ့ ရူးခံနီး တစ်ဆင့်မှာတောင် ကျွန်မ တော်တော် ပြောင်းဆန်နေပြီ။
အော် ညမ သွေးရူးသွေးတန်း စဉ်းစားတာတွေ မှားနေပါ့လား။
တကယ်တော့ ကျွန်မ မှားနေတာတွေ အများကြီး။
ကျွန်မ မပြင်နိုင်သေးဘူး.
ပြင်ဖို့ လည်း ကျွန်မမှာ ခွန်အားမရှိသေးဘူး။
ကျွန်မ အချိန်တစ်ခုလိုတယ်။
ကျွန်မ စိတ်ကို ကျွန်မ ကုစားဖို့။
မမာမကျန်းဖြစ်နေတဲ့ ကျွန်မ ကိုယ် ကျွန်မ ကုစားဖို့။
ကျွန်မ ဘာဖြစ်ချင်တာလဲ။
ကျွန်မ ဘာဖြစ်လာမှာလဲ။
ကျွန်မ ခုလို စိတ်ကစဉ့်ကလားဖြစ်နေရတာ စိတ်ဓာတ်တွေကျနေရတာဘာ့ကြောင့်လဲ။
ဘယ်လို စိတ်ဒဏ်ရာတွေကြောင့်လဲ။
လူတွေရဲ့ ပယောဂကြောင့်လား။
ကျွန်မ ကိုယ်တိုင်ရဲ့ မှားယွင်းတဲ့လုပ်ရပ်တွေကြောင့်ပဲလား။
ကျွန်မ ဘဝကကော ဘာဆက်ဖြစ်မှာလဲ...
Comments
Post a Comment